KIO/KIA ရဲ့ ယခင်ဌာနချုပ် နေရာအနီး နာဖေါ့နဲ့ အူလော့ကောင်ရှိ စကစ ရဲ့ တပ်စခန်းနှစ်ခုကို ထိုးစစ်ဆင်တိုက်ခိုက်နေ
20 March 2024 – Kachinwaves
ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာက အမှတ် (၃၂၁) ခမရ တပ်ရင်းရဲ့ ကာကင်းစခန်း၊ နာဖေါ့နဲ့ အူလော့ကောင် စစ်ကောင်စီတပ်စခန်းတွေကို KIA ပူးပေါင်းတပ်ဖွဲ့တွေက ဝိုင်းဝန်းတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ရွှေညောင်ပင်ကျေးရွာအခြေစိုက် ခမရ (၃၂၁) တပ်ရဲ့ ပွိုင့်-၆၆၆၇ ကာကင်းစခန်းနဲ့ အူလော့ကောင် (U Law Kawng) အမှတ် (၃၈၇) ခလရ တပ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က အကျအဆုံးများပြားတယ်လို့ တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
“မနေ့က ညနေ ၅ နာရီကျော်က လိုင်ဇာနားက ၃၂၁ တပ်စခန်းတွေ အူလော့ကောင်စခန်းနဲ့ ကာကင်းစခန်းတစ်ခု ဟုတ်တယ်။ KIA နဲ့ ပူးပေါင်းအဖွဲ့တွေ ဝင်တိုက်လို့ သေတဲ့သူသေနဲ့ ဖရိုဖရဲထွက်ပြေးကြရတယ်။”
အူလော့ကောင်နဲ့ နာဖေါ့တပ်စခန်းဟာ ၁၉၈၆ ခုနှစ်မတိုင်မီက KIA ရဲ့ တပ်စခန်းနေရာဖြစ်ပြီး KIA ရဲ့ ယခင်ဌာနချုပ်နေရာ ပါဂျောင်ဌာနချုပ်ကို မဆလ စစ်တပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် လက်လွတ်သွားခဲ့ရတဲ့နောက်ပိုင်းကနေ စစ်တပ်အထိုင်ချခဲ့တဲ့ တပ်စခန်းဖြစ်ကြောင်း သိရပါတယ်။
အဲ့ဒီနာဖေါ့စစ်စခန်းကို KIA တပ်ဖွဲ့က ဒရုန်းနဲ့ မကြာခဏတိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်တွေဟာ ထိတ်လန့်နေကြတယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
“တပ်ရင်းမှူးနေတဲ့ နားဖေါ့စခန်း ဟုတ်တယ်။ အဲ့ဒီကိုလည်း သိမ်းခံရတော့မယ်ဆိုပြီး တပ်ထဲမှာ သွေးပျက်နေကြတယ်။”
စစ်ကောင်စီတပ်စခန်းတွေ ဆက်တိုက် တိုက်ခိုက်ခံရတဲ့အတွက် မနေ့ညနေပိုင်းက နာဖေါ့စစ်စခန်းမှ လက်နက်ကြီးပစ်ခတ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိခဲ့တယ်လို့ သိရှိရပါတယ်။
KIO သတင်းပြန်ကြားရေးဌာနကလည်း နာဖေါ့နဲ့ အူလော့ကောင်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို မတ်လ ၁၇ ရက်နေ့ကနေ တိုက်ခိုက်နေရာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်နေကြောင်း သတင်းထုတ်ပြန် ထားပါတယ်။ ဒီကနေ့ မတ် ၂၀ ရက်နေ့ကလည်း လေကြောင်းဗုံးကြဲတိုက်ခိုက်တာ ၅ ကြိမ်ရှိပြီဖြစ်ကြောင်း သိရပါတယ်။
ဒီကနေ့မနက်ပိုင်းမှာတော့ စစ်တပ်က ဝိုင်းမော်မြို့နဲ့ KIA ထိန်းချုပ်ဒေသ တာလောကြီးကျေးရွာကြားမှာရှိတဲ့ တံတားကို ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၇ ရက်နေ့ကစပြီး KIA ပူးပေါင်းတပ်ဖွဲ့တွေဟာ ဧရာဝတီမြစ်အရှေ့ဘက်ကမ်း မြစ်ကြီးနား – ဗန်းမော်လမ်းကြောတလျှောက်နဲ့ ဆွမ်ပရာဘွမ်၊ တနိုင်း၊ ဖားကန့် စတဲ့ဒေသတွေမှာ စခန်းသိမ်း စစ်ဆင်ရေးလုပ်ဆောင်နေတာ နှစ်ပတ်ရှိလာပြီဖြစ်ပြီး ဒီအတောအတွင်း စစ်တပ်စခန်း အကြီးအသေးစုစုပေါင်း ၄၀ နီးပါးကို သိမ်းပိုက်ထားနိုင်တာပဲ ဖြစ်ပါတယ်။