စစ်မှုထမ်းဖို့ ဆင့်ခေါ်ပုံ နည်းလမ်းအမျိုးမျိုးနဲ့ ကချင်ပြည်နယ်ရဲ့ ရပ်ကွက် ကျေးရွာတွေမှာလည်း စတင်လှုပ်ရှားလာ
20 March 2024 – Kachinwaves
ကချင်ပြည်နယ်အတွင်းက မြစ်ကြီးနား၊ မိုးကောင်း၊ ပူတာအို၊ မိုးညှင်းနဲ့ ဗန်းမော် စတဲ့မြို့နယ်တွေက မြို့နဲ့ ကျေးရွာတွေမှာ စစ်မှုထမ်းဖို့အတွက် စစ်တပ်က မဲနှိုက်ခိုင်းတာနဲ့ အလှည့်ကျရွေးချယ်ခိုင်းတာတွေ စတင်ပြုလုပ်နေတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ရပ်ကွက်တွေမှာ စစ်မှုထမ်းဖို့ လူခေါ်ခြင်း၊ စာရင်းသွင်းခိုင်းခြင်းတွေ ပြုလုပ်နေပြီး အောင်နန်းရပ်ကွက်မှာတော့ စစ်မှုထမ်းဖို့ဆင့်ခေါ်စာပါ ပို့နေပြီလို့ မြို့နေဒေသခံအမျိုးသမီးက ဆိုပါတယ်။
“ဆင့်ခေါ်စာတွေ အိမ်ရောက်လာတော့ စိတ်ညစ်နေကြတယ်။ အသိအမရဲ့ အိမ်ရောက်လာတယ်။ သူ့မောင်လေးသွားရမှာတဲ့”
ရပ်ကွက်တစ်ခုနဲ့တစ်ခု စစ်မှုထမ်းဖို့ လူစုဆောင်းတဲ့နည်းလမ်းချင်း မတူညီကြဘဲ တချို့ရပ်ကွက်မှာ မဲနှိုက်ခိုင်းတာ၊ တချို့ရပ်ကွက်မှာတော့ တစ်လမ်းမှာ နှစ်ယောက်နှုန်း စစ်မှုထမ်းရန် ရွေးခြယ်ခံရသူထံ ဆင့်ခေါ်စာ ပေးပို့တာ စတဲ့ပုံစံအမျိုးမျိုးနဲ့ စစ်မှုထမ်းခိုင်းဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
မိုးကောင်းမြို့နယ်ထဲက ကျေးရွာတွေဖြစ်တဲ့ ဆားမှော်၊ ပြွန်သုံးလုံး၊ ရွက်လှမြိုင် စတဲ့ကျေးရွာတွေမှာတော့ တစ်ရွာကိုနှစ်ယောက်နှုန်းနဲ့ စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက ရွေးချယ်ပြီးမှ ရွေးချယ်ခံလိုက်ရတဲ့သူတွေကို အသိပေးအကြောင်းကြားတာတွေ ပြုလုပ်မယ်ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတယ်လို့ အုပ်ချုပ်ရေးမှူးနဲ့ နီးစပ်သူကတစ်ဆင့် သိရပါတယ်။
“ဆားမှော်အုပ်စုကဆိုရင် ဆားမှော်၊ ပြွန်သုံးလုံး၊ ကညင်မြိုင် အဲ့ဒီအုပ်စု ၃ စုကနေပြီး တစ်လကို ၂ ယောက်နှုန်းပေးရမယ်ဆိုပြီး မတ် ၁၈ ရက်နေ့ကလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ပြောတယ်။”
မိုးညှင်းမြို့မှာလည်း ရပ်ကွက်အလိုက်စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ်ခိုင်းတာတွေ ပြုလုပ်နေကြပြီး အုပ်ချုပ်ရေးမှူး အာဏာစက် မသက်ရောက်တဲ့ အချို့ရပ်ကွက်တွေမှာတော့ စစ်တပ်ဘက်က လူဖမ်းတာတွေ ပြုလုပ်နေတယ်လို့ မိုးညှင်းမြို့ခံတစ်ဦးက ဆိုပါတယ်။
“ရန်ကင်း ရပ်ကွက်ဘက်မှာလည်း လိုက်တောင်းတယ်တဲ့ ၈ ယောက်။ အုပ်ချုပ်ရေးမှူးက မပေးဘူး၊ လမ်းမှာတွေ့တဲ့ကောင် ဖမ်းသွားလိုက်လို့ ပြောတာတဲ့။ အဲ့တာ ၃ ယောက်ပါသွားတယ်တဲ့။”
ဗန်းမော်မှာလည်း မတ် ၁၆ ရက်နေ့ကစပြီး စစ်မှုထမ်းဖို့ ရပ်ကွက်အလိုက် မဲနှိုက်ခိုင်းတာတွေ လုပ်ဆောင်နေပြီး
ရပ်ကွက်အကြီးအသေးအလိုက် တစ်ရပ်ကွက်မှာ အနည်းဆုံးတစ်ဦးကနေ အများဆုံး အယောက် ၂၀ အထိ စစ်မှုထမ်းခိုင်းဖို့ လုပ်ဆောင်တာတွေရှိတယ်လို့ သိရပါတယ်။
ပူတာအိုမြို့ဘက်မှာလည်း စစ်မှူထမ်းဖို့အတွက် စာပို့တာတွေရှိနေပြီး အဲ့ဒေသမှာ ၂၀၂၄ နှစ်စပိုင်းကတည်းက ဌာနေပြည်သူ့စစ် ဦးတန်ဂူးတန် ဦးဆောင်တဲ့ ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့က တစ်အိမ်တစ်ယောက် စစ်မှုထမ်းဖို့ စည်းရုံးခဲ့ဖူးတာတွေ ရှိပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ ဖားကန့်ဒေသမှာတော့ လတ်တလော အခြေအနေမှာ စစ်မှုထမ်းခိုင်းဖို့ တရားဝင်အသိပေးလုပ်ဆောင်တာမျိုးတွေ မရှိသေးဘူးလို့ သိရှိထားရပါတယ်။
ဒီလိုမျိုးစစ်ကောင်စီဘက်က ပြည်သူတွေကို စစ်မှုထမ်းဖို့အတွက် အတင်းအကြပ်လုပ်ဆောင်နေတာနဲ့ ပက်သက်ပြီး မြို့နယ်တွေရဲ့ သက်ဆိုင်ရာ KPDF တပ်ဖွဲ့တွေက စစ်ကောင်စီအလိုကျလုပ်ဆောင်ပေးနေတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ထိရောက်စွာအပြစ်ပေးမယ်ဆိုပြီး သတိပေးတာတွေရှိသလို တော်လှန်ရေးအဖွဲ့အစည်းတွေထံ ခိုလှုံချင်သူတွေကိုလည်း ဖိတ်ခေါ်တယ်လို့ ထုတ်ပြန်ထားကြပါတယ်။