ယောဒေသတွင် ABSDF ၏ အပတ်စဉ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပခဲ့
19 March 2024 – Kachinwaves
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ မကွေးတိုင်း ယောဒေသအခြေစိုက် တပ်ရင်းအမှတ် ၁၂၊ အမှတ် (၃) စစ်ကြောင်းမှ အပတ်စဉ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲအား မတ်လ ၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း ABSDF Column-3 က ယနေ့ ထုတ်ပြန်သည်။
သင်တန်းကာလ (၃) လကြာမြင့်ပြီး ကျောင်းသားတပ်မတော်တပ်ဖွဲ့ဝင် ရဲဘော် (၃၆) ဦးဖြင့် သင်တန်းဆင်းကာ အခမ်းအနားတွင် တပ်ဖွဲ့ဝင်များမှ အလံကိုင်သစ္စာဆိုခဲ့ကြကြောင်း သိရသည်။
အဆိုပါသင်တန်းဆင်းပွဲကို ABSDF တပ်ဖွဲ့ဝင်များ၊ ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) များနှင့် ပြည်သူလူထုများ တက်ရောက်ခဲ့ကြောင်းလည်း ABSDF Column-3 ၏ ထုတ်ပြန်ချက်၌ ပါရှိသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တခြားသော လက်နက်ကိုင် မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံအနှံ့တွင် စစ်အာဏာရှင်ကို တော်လှန်နေသော အဖွဲ့ဖြစ်သည်။