ဟိုပုံးမြို့နယ် ကျောက္ကဆျာကျေးရွာကို စစ်ကောင်စီက ဒုတိယအကြိမ် လေကြောင်းဖြင့် တိုက်ခိုက်၍ နေအိမ် ၄ လုံးပျက်စီး
17 March 2024 – Kachinwaves
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် ကျောက္ကဆျာကျေးရွာကို စစ်ကောင်စီက ယမန်နေ့ ၁၆ ရက်နေ့ မွန်းလွဲ ၂ ရီတွင် ပေါင် (၅၀၀) ဗုံး ၂ လုံးကြဲချခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) မှ ယနေ့ မတ် ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်၏ ဒုတိယအကြိမ် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက္ကဆျာရွာမှ နေအိမ် ၄ လုံးထိခိုက်ခဲ့ပြီး ပြည်သူထိခိုက်မှုတော့ မရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။
မတ်လ ၈ ရက်နေ့တွင် ကျောက္ကဆျာရွာအား စစ်ကောင်စီတပ်က ပထမအကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ရာ အသက် ၅၀ နှစ်အရွယ် ဦးခွန်ထွန်းသေဆုံးခဲ့ပြီး နေအိမ် ၆ လုံးထက်မနည်း ပျက်စီးခဲ့သေးသည်။
မတ်လ ၁၅ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်သည် ဆီဆိုင်မြို့နယ် ထမ်းယံကျေးရွာကို ပေါင် ၅၀၀ ဗုံးများ မီးလောင်ဗုံးများဖြင့် ကြဲချခဲ့သည့်အတွက် ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် ယင်းနေ့မှာပဲ ဆီဆိုင်မြို့ အနောက်မြောက်ဘက်ရှိ ရွှေဟင်္သာဘုရားကိုလည်း အကြောင်းမဲ့ဒရုန်းဖြင့် ဗုံးကြဲချ တိုက်ခိုက်မှုကြောင့် ဘုန်းကုန်းတွင် သီတင်းသုံးနေသည့် သံဃာတစ်ပါးနှင့် ကပ္ပယတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PNLA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။