အောင်မြေ (၁) နဲ့ (၂) ကျေးရွာက စစ်ရှောင်တွေရဲ့ နေအိမ်ရှိ ပစ္စည်းတွေကို စစ်ကောင်စီတပ်က သယ်ယူသွားတယ်လို့ ပြော
18 March 2024 – Kachinwaves
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဝိုင်းမော်မြို့နယ်၊ အောင်မြေ (၁) နဲ့ (၂) ကျေးရွာက ဒေသခံနေအိမ်တွေကို စစ်တပ်ကဖွင့်ဖောက်ပြီး ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ စစ်ရှောင်ပြည်သူတစ်ဦးထံက သိရပါတယ်။
မနေ့ကမနက် ၁ နာရီခွဲဝန်းကျင်မှာ ရွှေညောင်ပင်ကျေးရွာအခြေစိုက် ခလရ ၃၂၁ တပ်ရင်းကနေ သုံးဘီးကား၊ လေးဘီးကားနဲ့ ဟိုက်ဂျက်ကားတွေ ထွက်လာပြီး အောင်မြေ ( ၁ ) နဲ့ ( ၂ ) ကျေးရွာမှာရှိတဲ့ ဒေသခံနေအိမ်တွေကို ဖောက်ထွင်းပြီး စားစရာတွေ အပါအဝင် တန်ဖိုးကြီးပစ္စည်းတွေ ယူသွားတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးကတစ်ဆင့် သိရပါတယ်။
အဲ့ဒီနောက် မနက်မိုးလင်းခါနီး ၄ နာရီခွဲမှာ ဆယ်ဘီးကားနဲ့ နောက်တစ်ခေါက် ပြန်လာသယ်ယူသွားပြန်တယ်လို့ ဒေသခံက ဆက်ပြောပါတယ်။
စစ်တပ်က အခုလိုမျိုးပြည်သူတွေရဲ့ နေအိမ်က ပစ္စည်းတွေသယ်ထုတ်သွားပေမယ့်၊ ဒေသခံရွာသားတွေကိုတော့ မိုင်းရှင်းရမယ်လို့အကြောင်းပြပြီး စားစရာရိက္ခာတွေ သယ်ယူဖို့ ခဏတဖြုတ်တောင် ကျေးရွာထဲ ဝင်ခွင့်မပြုဘူးလို့ သိရပါတယ်။
ဝိုင်းမော်မြို့နယ်အတွင်းက အောင်မြေ (၁)၊ အောင်မြေ (၂) နဲ့ ခါးရှီးကျေးရွာဘက်တွေမှာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်ကစပြီး တစ်ပတ်နီးပါးလောက် တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်တပ်ကကျေးရွာဘက်ကို မစ်ဇိုင်းဒုံးနဲ့ ပစ်ခတ်ခြင်း၊ ရဟတ်ယာဉ်၊ တိုက်လေယာဉ်နဲ့ Y – 12 ကင်းထောက်လေယာဉ်တွေ အသုံးပြုပြီး ဝေဟင်ကနေ တိုက်ခိုက်ခြင်းတွေ ပြုလုပ်ခဲ့တဲ့အတွက် အရပ်သားနေအိမ်တွေ ပျက်စီးဆုံးရှုံးမှုနဲ့ ပိတ်မိပြည်သူတွေ သေဆုံးတဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။