မော်လူးပြည်သူများ သစ်မှောင်ခိုကားကိစ္စ မကျေလည်၍ ဆန္ဒပြ
17 March 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့တွင် တရုတ်ပြည်သို့တင်ပို့နေသည့် သစ်မှောင်ခိုကားများအား ပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး ယနေ့ည ၆ နာရီတွင် မော်လူးတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဆန္ဒပြခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မော်လူးတိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) သယံဇာတအဖွဲ့များမှာ ပြည်သူများ တနိုင်တပိုင်လုပ်စားသည့် သစ်များအား ဖမ်းဆီးပြီး သစ်ကားကြီးများကိုတော့ လွတ်ပေးနေသည့်အပေါ် မကျေနပ်၍ ပြည်သူများက သစ်ကားများကို ဖမ်းဆီးခဲ့သည်ဟု မော်လူးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ကျမတို့တွေ ဆိုက်တွဲလေးနဲ့ သုံးဘီးအစုတ်လေးနဲ့ လှည်းလေးနဲ့ တိုက်စားတာကြတော့ အကုန်ဖမ်းတယ်။ လုပ်စားပိုင်ခွင့်မပေးဘူး၊ ဒီပိုက်ဆံအများကြီးပေးနိုင်တဲ့ ကားကြီးတွေနဲ့တိုက်တဲ့ တရုတ်ပြည်ကိုပို့မယ့် ကားတွေကြတော့ အကုန်လွတ်ပေးတယ်။ ကျမတို့ငြိမ်ခံနေတာကြာပြီ အခုကတော့ သည်းမခံနိုင်တော့ဘူး။”ဟု ၎င်းအမျိုးသမီးက ဆိုသည်။
သစ်မှောင်ခိုကားများမှာ ယနေ့နံနက် ဗန်းမောက်တောထဲမှ ၃၈ စီးထွက်လာပြီး ယနေ့ညနေပိုင်းတွင် ပကဖ အဖွဲ့များမှ ပြည်သူများက ဖမ်းထားသည့် အစီး ၂၀ ကျော်အား လွတ်ပေးခဲ့ပြီး ၃ စီးကိုတော့ ပြည်သူများ ဆက်လက်ဖမ်းဆီးကာ နောက်ထပ်ကားများကိုတော့ တောထဲထိ သွားရောက်ဖမ်းဆီးရန် လုပ်ဆောင်နေသည်ဟု ဆန္ဒပြရာတွင်ပါဝင်သည့် အမျိုးသားတစ်ဦးက ပြောသည်။
“ညနေက အစီး ၂၀ ကျော်ဖမ်းထားတာကိုကွာ သူတို့လွတ်ပေးလိုက်တယ်။ အခု ၃ စီးကိုတော့ ငါတို့ဖမ်းထားပြီး ဘီးတွေလေလျှော့ထားလိုက်ပြီး ကားသော့တွေသိမ်းထားပြီ၊ အခုနတ်ရုံရွာမှာ ၁၅ စီးလောက်ကျန်သေးတယ်၊ သွားပြန်ဖမ်းမှာ”ဟု ဆိုသည်။
လုပ်ငန်းရှင်များမှာ ၂၀၂၂ ခုနှစ်မှစတင်ကာ ယခု ၂၀၂၄ အထိ အင်းတော်မြို့နယ်နှင့် ဗန်းမောက်မြို့နယ်ထဲမှ ကျွန်းသစ်များအား ခုတ်ယူကာ တရုတ်ပြည်သို့ တင်ပို့ရောင်းချနေကြောင်း သိရသည်။
သစ်လုပ်ငန်းရှင်များမှာ တရုတ်ပြည်ရောက်သည်အထိ တလမ်းကြောလုံးရှိ လက်နက်ကိုင်အဖွဲ့အစည်းများကို အခွန်ပေးဆောင်ကာ တရုတ်သို့ ရောင်းချနေကြောင်း သိရသည်။