ကလေးမြို့ တိုက်ပွဲတွင် စစ်ကောင်စီတပ် အသေအပျောက်များနေ၍ လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူများ အဆမတန်သုံးပြီး ခုခံတိုက်ခိုက်နေ
17 March 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများ အသုံးပြုတိုက်ခိုက်နေကြောင်း ကလေးမြို့နယ် ပကဖ ရဲဘော်တစ်ဦးထံမှ သိရသည်။
ယမန်နေ့ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ကလေးမြို့ စစ်ကောင်စီတပ်ရင်းနေရာများနှင့် စရဖ ရုံးများနှင့်နီးသည့် ကျောင်းတိုက်ကျေးရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည့်အပြင် ကလေးမြို့ပေါ်မှလည်း လက်နက်ကြီးဖြင့် ၃၇ ချက်ပစ်ခတ်ခဲ့ကြောင်းလည်း သိရသည်။
“မနေ့က ၁၆ ရက်နေ့မှာ ပြည်သူတွေကို ပျူစောထီးတွေက အပြင်မထွက်နဲ့ စာသင်ကျောင်းထဲမှာပဲ နေခိုင်းထားခဲ့တယ်ဆိုတာလည်း ပျူစောထီးမိသားစုနဲ့ သူတို့နဲ့နှီးနွယ်တဲ့သူပါပဲ၊ အဲ့ရွာကလည်း ပျူစောထီးရွာဆိုတော့”ဟု ပကဖ ရဲဘော်တစ်ဦးက ဆိုသည်။
ပျူစောထီးများ နေရာချပေးသော ၎င်းစာသင်ကျောင်းအား စစ်ကောင်စီဘက်မှ လက်နက်ကြီးနှင့် လေကြောင်းဖြင့် ပစ်ခတ်မှုပြုလုပ်ခဲ့သည့်အတွက် ပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်းလည်း ပြောသည်။
တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုနှင့် လေကြောင်းဖြင့် မှားယွင်းပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က အများအပြား သေဆုံးခဲ့ကြောင်းလည်း ပြောသည်။
“တိုက်ပွဲထဲမှာ သူတို့သေတာတွေရော သူတို့လေယာဉ်က ပစ်တဲ့ကျည်ကြောင့် သူတို့သေတာတွေရော အများကြီးပဲ ရေလို့တွက်လို့တောင် မရသေးဘူး။ အလောင်းရေ အတည်ပြုလို့ မရသေးဘူး။ ဘာကြောင့်လဲဆိုတော့ ကားကလည်း ၄ စီးနဲ့ တိုက်သွားတယ်။ နောက်ထပ်လည်း အများကြီးကျန်သေးတယ်။”
တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်မှု တစ်ရက်တည်း အကြိမ် ၉၀ ကျော်ခန့်ရှိခဲ့ပြီး ၎င်းရွာမှ နေအိမ် ၄ လုံးမီးလောင်ခဲ့ပြီး နွားတစ်ကောင်သေဆုံးခဲ့ကြောင်း သိရသည်။ မတ်လ ၁၄ ရက်နေ့မှ ယနေ့အထိ ၃ ရက်အတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၅ ဦးနှင့် နွား ၁၃ ကောင် သေဆုံးခဲ့ကြောင်းလည်း သိရသည်။
ကလေးမြို့နယ်တွင် နှစ်ပတ်အတွင်း တော်လှန်ရေးပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးသူ ရာကဏန်းရှိနိုင်ကြောင်းလည်း ပြောသည်။
“တိုက်ပွဲက မတည်ငြိမ်သေးတဲ့အတွက် အတိအကျတော့ ဘာတစ်ခု အတည်ပြုလို့ မရသေးဘူး။ နယ်မြေရှင်းလင်းရေးတွေလည်း မလုပ်ရသေးဘူး။ ခန့်မှန်းကတော့ သူတို့ (စကစ) ဘက်ကသေတဲ့သူ အင်အား ၃၀၀ နီးပါးတော့ရှိမယ်။”ဟု ပကဖ ရဲဘော်က ဆိုသည်။
လက်ရှိတွင် တိုက်ပွဲများကြောင့် ကျေးရွာ (၇) ရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဖေဖော်ဝါရီ ၂၁ ရက်နေ့မှ မတ်လ ၁၇ ရက်နေ့အထိ ပြည်သူ့နေအိမ်များ ထိခိုက်ပျက်စီးမှုရှိကာ ကလေးငယ်အပါအဝင် ပြည်သူ ၂၀ ကျော် သေဆုံးခဲ့ကြောင်းလည်း သိရသည်။