ကနီမြို့ကို သိမ်းနိုင်ခဲ့သော်လည်း ပြန်လည်ဆုတ်ခွာပြီး တိုက်ပွဲရပ်နားထား
16 March 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ကနီမြို့ရှိ စစ်ကောင်စီ တပ်စခန်းများအား တော်လှန်ရေးတပ်ဖွဲ့များက မတ် ၂ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဆယ့်တစ်ရက်အကြာ မတ်လ ၁၂ ရက်နေ့အထိ တိုက်ပွဲဆင်နွှဲခဲ့ကြောင်း အမှတ် (၁) စစ်ဒေ၏ Kani People Defence Force မှ ထုတ်ပြန်ထားသည်။
ကနီမြို့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦးသေဆုံးကာ လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း သိရသည်။ ၁၁ ရက်တာ တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုဘက်မှ ၁၁ ဦးကျဆုံးကြောင်းလည်း သိရသည်။
တိုက်ပွဲအတွင်း လက်နက်မျိုးစုံ (၁၁) လက်၊ ဗုံးသီးမျိုးစုံ (၅၀) ကျော်၊ ကျည်မျိုးစုံ (၁၃၀၀) ကျော်၊ မီးကျည် (၂၀) ခန့်၊ ရှေ့ထွက်မိုင်း (၃) ခု၊ ကျည်အိမ် (၂၀) ကျော်နှင့် Jumper (၂) ခုတို့ကို သိမ်းဆည်းရမိကြောင်း အမှတ် (၁) စစ်ဒေ၏ Kani People Defence Force ၏ ထုတ်ပြန်ချက်ထဲ ပါရှိသည်။
ကနီမြို့ရှိ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုရားကုန်းများတွင် တပ်စွဲထားသည့် ခလရ (၈၇) (၈၉) (၂၂၂) နှင့် ခမရ (၃၁၃) စသည့် စုစုပေါင်းအင်အား ၁၀၀ ကျော်အား မတ်လ ၂ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဘုရားကုန်းမှလွဲ၍ ကျန်နေရာများအားလုံးကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
အထိနာနေသည့် စစ်ကောင်စီတပ်များမှာ မတ်လ ၇ ရက်နေ့တွင် ကနီမြို့နှင့် ၂ မိုင်အကွာရှိ အင်းမထီးရွာမှ ပျူစောထီးများအား Mi-17 ထောက်ပို့ရဟတ်ယာဉ်ဖြင့် ၄ ကြိမ်တိတိအင်အား ၁၂၀ ခန့်စစ်ကူပို့ခဲ့သည်ဟုလည်း စစ်ရေးသတင်းရင်းမြစ်များအရ သိရသည်။
ထို့နောက် မတ်လ ၁၁ နေ့ကလည်း ရေဦးမြို့နယ်ရှိ ဘီလူးစစ်ကြောင်းမှ စစ်အင်အား ၈၀ ခန့်အား Mi – 17 ထောက်ပို့ရဟတ်ယာဉ်ဖြင့် ၄ ခေါက်တိတိ ထပ်မံစစ်ကူပို့ခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းမှာပဲ ကနီမြို့ လက်မလွတ်ရေးအတွက် စစ်ကောင်စီဘက်မှ Mi-35၊ Jet Fighter တို့ဖြင့် လေကြောင်းတိုက်ခိုက်မှု ၅၄ ကြိမ်ပြုလုပ်ခဲ့ပြီး Y-12 ထောက်ပို့/ဗုံးကျဲလေယာဉ်ဖြင့် ဗုံးသီးအလုံး (၁၀၀) ကျော် ကြဲချခဲ့ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
စစ်ကောင်စီတပ်၏ လေကြောင်းအဆမတန် တိုက်ခိုက်မှုနှင့် မီးရှို့ဖျက်ဆီးမှုများကြောင့် မြို့မှာ ၇၀ ရာခိုင်နှုန်းကျော်ထိ ပျက်စီးနေကြောင်း သိရသည်။
တော်လှန်ရေးတပ်ဘက်မှ မြို့ကိုသိမ်းထားနိုင်သော်လည်း လက်ရှိတွင် စစ်ကောင်စီတပ်၏ လေကြောင်း အဆမတန်တိုက်ခိုက်မှုနှင့် စစ်အင်အားဖြည့်တင်းလာမှုကြောင့် မတ်လ ၁၂ ရက်နေ့မှစပြီး တိုက်ပွဲကိုရပ်နားကာ မြို့မှ ဆုတ်ခွာထားကြောင်း သိရသည်။
အဆိုပါတိုက်ပွဲအား ယင်းမာပင်ခရိုင် ကွပ်ကဲရေး၊ ယင်းမာပင်ခရိုင် တပ်ရင်း (၁၊ ၂၊ ၆၊ ၉၊ ၁၇၊ ၁၈၊ ၂၁၊ ၂၂၊ ၂၃၊ ၂၅၊ ၂၇၊ ၃၀၊ ၃၂)၊ LPDF၊ ဆာလင်းကြီးစစ်ကြောင်း၊ Alpha စစ်ကြောင်း၊ ဒရုန်းတပ်ဖွဲ့၊ ကနီမြို့နယ် ပအဖ၊ ပကဖ (ယင်းမာပင်မြို့နယ်၊ ဆာလင်းကြီးမြို့နယ်၊ ပုလဲမြို့နယ်၊ ကနီမြို့နယ်) စသည့် ပူးပေါင်းတပ်များမှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။