ရွှေကူမြို့ကနေ စကစ ပစ်လိုက်တဲ့ လက်နက်ကြီး ဆင်တပ်ရွာထဲကျ၊ စစ်တပ်နဲ့ ရဲစခန်းကြားကအိမ်မှာ ဓါးမြတိုက်မှုဖြစ်ခဲ့
13 March 2024 – Kachinwaves
ဒီနေ့ည ၈ နာရီကျော်ကျော်လောက်က ကချင်ပြည်နယ် ရွှေကူမြို့ကနေ လက်နက်ကြီးတွေ ပစ်ခတ်နေပြီး မြို့ရဲ့တစ်ဖက်ကမ်းရှိ ဆင်တပ်ကျေးရွာသို့ ကျရောက်ခဲ့ကြောင်း သိရပါတယ်။
“၁၅ မိနစ်လောက်ရှိပြီဆက်တိုက် အခုထိပစ်နေတုန်း၊ လက်နက်ကြီး တဖက်ကမ်း ဆင်တပ်တောင်ကုန်းဖက် ကျတယ်ပြောတယ်။” ဟု ရွှေကူဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဒရုန်းနဲ့ ပစ်ချခံရပြီးနောက် လက်နက်ကြီးတွေကို ဆက်တိုက် ပစ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ရွှေကူမြို့ အမှတ် (၄) ရပ်ကွက် စစ်တပ်နဲ့ ရဲစခန်းကြားရှိ နှစ်ထပ်တိုက်အိမ်တစ်အိမ်မှာ မတ်လ ၁၁ ရက်နေ့ညက ဓားမြတိုက်ခံရပြီး ကျပ်သိန်း ၈၀၀ ကျော်တန်ဖိုးရှိ ရွှေငွေပစ္စည်းတွေ လုယူခံရကြောင်းလည်း ဒေသခံက ဆိုပါတယ်။
ဓါးမြဝင်တိုက်သူတွေဟာ သေနတ်နှစ်လက်ကိုင်ဆောင်ပြီး အိမ်ရှင်တွေကို အခန်းတစ်ခုထဲ သော့ခပ်ပိတ်ထားခဲ့ပြီးမှ ထွက်သွားကြတယ်လို့ သိရပါတယ်။