တော်လှန်ရေးတပ်ဖွဲ့ထံ လက်နက်ချဝင်ခဲ့သည့် SNA တပ်သားကို ကျပ်သိန်း ၃၀ ပေးအပ်ချီးမြှင့်
8 February 2024- Kachinwaves
ရှမ်းနီအမျိုးသာားများ တပ်မတော် (SNA) အဖွဲ့၏ တပ်သားစုဆောင်းခြင်းခံရသည့် SNA တပ်ဖွဲ့ဝင်တစ်ဦး တော်လှန်ရေးအဖွဲ့ထံ လက်နက်ချအလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
SNA တပ်ဖွဲ့မှ တပ်စိပ်မှူးအဆင့်ရှိသူတစ်ဦးသည် ဖေဖော်ဝါရီ ၁ ရက်နေ့က ခန္တီးခရိုင်၊ အမှတ် (၃) တပ်ရင်းထံတွင် လက်နက်ချခဲ့သည်ဟု တပ်ရင်းပြန်ကြားရေးတာဝန်ခံ ကိုချာလီက ဆိုသည်။
“ဂိတ်ကိုလက်နက်နဲ့တကွ ပြေးဝင်လာတာ။ အလင်းဝင်လာတာကတော့ ရှေ့ဆက်မနေချင်တော့လို့တဲ့”
လက်နက်ချအလင်းဝင်လာသူသည် လွန်ခဲ့သည့် ၉ လက တပ်သားစုဆောင်းခြင်းခံရ၍ SNA တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။
လက်နက်နှင့်အတူဝင်လာသည့် SNA တပ်သားကို ခန္တီးခရိုင်၊ အမှတ် (၃) တပ်ရင်းက ငွေကျပ်သိန်း ၃၀ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) သည် စစ်ကောင်စီနှင့်ပူးပေါင်းပြီး တော်လှန်ရေးတပ်ဖွဲ့များကို ဆန့်ကျင်တိုက်ခိုက်နေသည့် လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။
တပ်သားသစ်စုဆောင်းခြင်းကို ၂၀၂၂ ခုနှစ်ကတည်းက ဟုမ္မလင်း၊ ဖောင်းပြင်စသည့်ဒေသများတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလကစပြီး ရှမ်းနီလူမျိုးအများနေထိုင်သည့် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ဒေသတွင် နယ်မြေခံ ရှမ်းနီပြည်သူ့စစ်အဖွဲ့နှင့် ပူးပေါင်းပြီး တပ်သားသစ်စုဆောင်းမှုကို ဆက်လက်ပြုလုပ်နေသည်။