ကွတ်ခိုင်တွင် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်ကျင်းပခြင်းကို TNLA တားမြစ်ခဲ့သည်ဟုဆို
7 February 2024 – Kachinwaves
ကချင်အမျိုးသားတော်လှန်နေ့ အထိမ်းအမှတ်ကျင်းပခြင်းကို ကန့်ကွက်နှောင့်ယှက်သည့် TNLA ၏ လုပ်ရပ်အပေါ် ကွတ်ခိုင် ကချင်တမာန်အဖွဲ့မှ ရှုတ်ချကြောင်း ယမန်နေ့ ဇန်နဝါရီ ၆ ရက်နေ့က သဘောထားထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၅ ရက်နေ့တွင် ကျရောက်ခဲ့သည့် ကချင်အမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကွတ်ခိုင်မြို့ ဒေသခံကချင်ပြည်သူများက မိမိတို့၏ အိမ်ခြံဝင်းများတွင် ကချင်အမျိုးသားအလံ စိုက်ထူထားစဉ် TNLA တပ်ဖွဲ့က လာရောက်တားဆီးပိတ်ပင်ခြင်း၊ အလံတိုင်ကိုချိုးဖျက်ပြီး အလံကိုယူဆောင်သွားခြင်း၊ ခြေဖြင့်ကန်ကျောက်ခြင်း စသည့်လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြောင်း ရေးသားဖော်ပြထားသည်။
“ကွတ်ခိုင်မြို့ကို ငါတို့ TNLA တပ်ဖွဲ့က တိုက်ယူထားတာ”ဟု ပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့သည် သမိုင်းစဉ်ဆက် ကချင်၊ ရှမ်း၊ ပလောင်၊ တရုတ်၊ ဂေါ်ရခါး စသည့် လူမျိုးပေါင်းစုံ မှီတင်းနေထိုင်သည့် မြို့ဖြစ်သည်။ ကွတ်ခိုင်မြို့ကို ၁၀၂၇ စစ်ဆင်းရေးအတွင်း ဇန်နဝါရီလ ၈ ရက်နေ့က TNLA အဖွဲ့မှ သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
PSLF/TNLA အဖွဲ့ပါဝင်သော ညီနောင်မဟာမိတ် (၃) ဖွဲ့ကတော့ ကချင်ပြည်သူလူထုတရပ်လုံးလိုလားသော နိုင်ငံရေးရည်မှန်းချက်၊ KIO/KIA ရည်မှန်းထားသည့် နိုင်ငံရေးနှင့် စစ်ရေး ရည်မှန်းချက်များ အမြန်ဆုံးပြည့်ဝပါစေကြောင်း ဖေဖေါ်ဝါရီလ ၅ ရက်နေ့တွင် ကျရောက်သည့် KIA ဖွဲ့စည်းခြင်း ၆၃ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနားသို့ သဝဏ်လွှာ ပေးပို့ခဲ့သည်။