လိုင်ဇာအနီး အင်တပ်ဘွမ်က စစ်ကောင်စီတပ်နဲ့ KIA တိုက်ပွဲဖြစ်နေ
6 February 2024 – Kachinwaves
ဒီကနေ့ မွန်းလွဲပိုင်းအချိန်ကနေစပြီး လိုင်ဇာအနီး အင်တပ်ဘွမ်အနီးတဝိုက်မှာ KIA နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း သိရပါတယ်။
အင်တပ်ဘွမ် စခန်းကနေ ဆင်းလာတဲ့ ခလရ ၂၃၆ စစ်ကြောင်းနဲ့ မြစ်ကြီးနား – ဗန်းမော်လမ်း နားလုံနဲ့ ရှဒန်ပါကျေးရွာနယ်မြေအတွင်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ KIO ရဲ့ သတင်းပြန်ကြားရေးဌာနက သတင်းဖော်ပြထားတာကို တွေ့ရပါတယ်။
အင်တပ်ဘွမ်စခန်းကုန်းကို ၂၀၁၁ ခုနှစ်နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေကြောင့် KIA က လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းဖြစ်ပြီး မိုးမောက်မြို့နယ်က နားလုံနဲ့ ရှဒန်ပါကျေးရွာတွေဟာလည်း စစ်ရှောင်ရွာတွေ ဖြစ်ပါတယ်။
ဒီကနေ့ မွန်းလွဲတစ်နာရီကနေ တိုက်ပွဲဖြစ်ပွားလာပြီးနောက် ၃ နာရီကနေစပြီး ဖွန်းပျဲန်ဘွမ်မှာအထိုင်ချတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ကူခဲ့တယ်လို့ သိရပါတယ်။