မိုးကောင်းတွင် လက်နက်ကြီး ပစ်ခတ်သံများ ညမှ ယနေ့နံနက်အထိ ကြားခဲ့ရ
26 November 2023 – Kachinwaves
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်း ယမန်နေ့က KIA နှင့် စစ်ကောင်စီတို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွါးပြီးနောက် လက်နက်ကြီးပစ်ခတ်သံများကို ယနေ့နံနက်ထိ ကြားနေရကြောင်း ဒေသခံများက ဆိုသည်။
မိုးကောင်းမြို့မှ ကားမိုင်းဘက်သို့ သွားရာလမ်းကြောရှိ မရန်ကထောင် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို နိုဝင်ဘာ ၂၅ ရက်နေ့၊ ယမန်နေ့နံနက် ၈ နာရီက KIA၊ KPDF တပ်ဖွဲ့က ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွါးခဲ့ကြောင်း KPDF နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“မရန်ကထောင်ဂိတ်မှာ ပစ်ခတ်မှုက မနက် ၈ နာရီခွဲကနေ ၉ နာရီခွဲလောက်ထိ အပြန်အလှန်ပစ်ကြတယ်။ စကခ ၃ ကနေ လက်နက်ကြီးနဲ့လည်းပစ်ကူပေးတယ်။”
ထိခိုက်မှုအခြေအနေကို မသိရှိရသေးဘဲ ပစ်ခတ်မှုဖြစ်စဉ်ပြီးနောက်ပိုင်း မိုးကောင်း စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ – ၃)မှ လက်နက်ကြီး ပစ်ခတ်သံများကို ကြားရကြောင်း ဒေသခံများထံမှ သိရသည်။
“ပစ်တယ်။ အလုံး ၉၀ ကျော်ပစ်တယ်။ ဒီမနက်ထိပစ်နေတုန်း။ မနေ့က မနက်ရော၊ ညရော ပစ်တယ်။”ဟု မိုးကောင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ပစ်ခတ်မှုဖြစ်ပွါးခဲ့ရာ မရန်ကထောင်ဂိတ်ဘက်သို့ ပစ်ခတ်ခြင်းဖြစ်မည်ဟု ဒေသခံများက ယူဆကြသည်။
အဆိုပါစစ်ဆေးရေးဂိတ်ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ကလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၁ က သွားရောက် တိုက်ခိုက်ခဲ့သေးသည်။
===
Photo: CINCDS