အင်းတော်တွင် စစ်ကောင်စီတပ်၏ လေယာဉ်ဗုံးကြဲပစ်ခတ်မှုေကြာင့် အရပ်သားနှင့် နေအိမ်ထိခိုက်
19 November 2023- Kachinwaves
တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် ယနေ့မွန်းလွဲ ၃ နာရီခွဲဝန်းကျင်က စစ်ကောင်စီတိုက်လေယာဉ်ဖြင့် ဗုံးကြဲပစ်ခတ်သည့်အတွက် အရပ်သားနှင့် နေအိမ်ထိခိုက်မှုများရှိကြောင်း သိရသည်။
နဘားကျေးရွာလမ်းဆုံးအနီး၊ ဒေသအခေါ် စော်မော်ချောင်းပတ်ဝန်းကျင်ကို လေယာဉ်တစ်စီးဖြင့် ဗုံးကြဲပစ်ခတ်သွားကြောင်း နဘားကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
“လေယာဉ်တစ်စီးနဲ့ခြောက်ကြိမ်လောက်ပတ်ပြီးတော့ ဆယ်လုံးလောက်ချသွားတယ်။ နောက်ပြီးတော့ လေယျာဉ်ပေါ်ကနေ စက်သေနတ်တွေနဲ့လည်းပစ်သွားတယ်”
တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ အကြောင်းမဲ့သက်သက် လာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး အင်းတော်စစ်ဗျူဟာကုန်း ( စစ်တပ်ကုန်း) မှလည်း လက်နက်ကြီးများဖြင့် နဘားကျေးရွာဘက်သို့ အဆက်မပြတ်ပစ်ခတ်နေကြောင်း သူကဆိုသည်။
“တိုက်ပွဲမရှိတော့မရှိဘူး။ စော်မော်ချောင်းထိပ်မှာ KIA ကတော့ နည်းနည်း လှုပ်လှုပ်၊ လှုပ်လှုပ် ဖြစ်နေတယ်။ နောက်ပြီးနဘားရွာထဲမှာကျတော့လည်း စစ်ကောင်စီက လှုပ်လှုပ်၊ လှုပ်လှုပ်ဖြစ်နေတယ်။ လက်နက်ကြီးနဲ့ လှမ်းလှမ်းထုနေတာ ၂ ရက် ၃ ရက်လောက်ရှိနေပြီ အဲ့ဘက်ကို။ အခုဒီနေ့ကျတော့ လေယာဉ်တွေနဲ့လာကြဲတယ်ပေါ့နော်”
လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သားငါးဦးထိခိုက်သည်ဟု ကြားနေရကြောင်း သူကဆိုသည်။
“ပြည်သူကငါးယောက်လောက် ထိတယ်လို့ကြားတယ်။ ခရီးသွားလင်မယားနှစ်ယောက်နဲ့ ကလေးတစ်ယောက်ရယ်၊ နဘားရွာထဲက ပန်းရောင်းတဲ့ လင်မယားနှစ်ယောက်ရယ် ထိတယ်လို့ ကြားနေတယ် လောလောဆယ်”
တိုက်ခိုက်မှုခံခဲ့သည့် ပတ်ဝန်းကျင်ရှိ ဒေသခံများ၏ ဈေးဆိုင်များနှင့် နေအိမ်များ မီးလောင်ပျက်စီးကြောင်း ကြားသိရပြီး မည်မျှထိခိုက်ပျက်စီးသည်ကိုမူ မသိရှိရသေးပါ။
လေကြောင်းပစ်ခတ်မှုဖြစ်ပွါးပြီးမိနစ်နှစ်ဆယ်ခန့်အကြာတွင်နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွါးနေသည့် အသံများကို ကြားနေရကြောင်း အဆိုပါဒေသခံက ဆိုသည်။
ယခုဖြစ်စဉ်မတိုင်မီ လွန်ခဲ့သော နိုဝင်ဘာ ၁၇ ရက်နေ့နံနက်က နဘားကျေးရွာဘူတာရုံအနီးရှိ စစ်ကောင်စီရဲစခန်းကို KIA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က မီးရှို့ခဲ့သည်။
ထို့နောက် အင်းတော်စစ်တပ်ကုန်းမှ လက်နက်ကြီးများဖြင့် နဘားရွာဘက်သို့ ပစ်ခတ်ခဲ့ပြီး ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ခန့်မှာ ခြောက်ဘီးကားဖြင့် နဘားကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာခဲ့သည်ဟု သိရသည်။
နိုဝင်ဘာ ၁၈ ရက်နေ့တွင်လည်း အင်းတော်မှ နဘားရွာဘက်သို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ယနေ့တွင် တိုက်လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။