နဘားဘူတာရုံ စစ်ကောင်စီ ရဲစခန်း မီးရှို့ခံရ
17 November 2023 – Kachinwaves
စစ်ကောင်စီရဲများ စွန့်ခွာသွားသည့် နဘားဘူတာရုံရဲစခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် ပူးပေါင်းတပ်ဖွဲ့က ယနေ့နံနက် ၁၁ နာရီခွဲဝန်းကျင်က မီးရှို့ဖျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ရှိ နဘားဘူတာ ရဲဌာနမှ ရဲတပ်ဖွဲ့ဝင်များမှာ ယမန်နေ့ညက အင်းတော်စစ်တပ်ကုန်းသို့ ပြောင်းရွေ့သွားခဲ့ခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက လာရောက်မီးရှို့သွားခြင်းဖြစ်ကြောင်း နဘားဒေသခံတစ်ဦးကဆိုသည်။
“မီးလောင်တာက KIA ကဝင်ရှို့သွားတာ။ အဲ့တာကြောင့်မို့ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့လှမ်းထုတာ”
မီးရှို့ပြီးနောက် နာရီဝက်အကြာတွင် အင်းတော်စစ်တပ်ကုန်းမှ နဘားကျေးရွာဘက်သို့ လက်နက်ကြီး ငါးလုံးထက်မနည်း ပစ်ခတ်ခဲ့သည့်အတွက် ကျေးရွာနေဒေသခံများမှာ ဘုန်းကြီးကျောင်းဝင်းအတွင်း တိမ်းရှောင်နေခဲ့ရကြောင်း ပြောသည်။
“၁၂ (မွန်းတည့်)လောက်ကျတော့ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ လှမ်းထုနေပြီ။ ရွာထဲကိုတော့ မကျဘူး။ တောစပ်တွေ ကျတာလေ”
လက်နက်ကြီးပစ်ခတ်ပြီးနောက် ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် အင်အား ၇၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် ဘေးပတ်ပတ်လည် သံဘောင်ကာထားသည့် ခြောက်ဘီးကားမှာ နဘားကျေးရွာသို့ ရောက်ရှိလာကြောင်း သိရသည်။
နိုဝင်ဘာလ ၈ ရက်နေ့ကစပြီး အင်းတော်မြို့နယ်နှင့် ထိစပ်နေသည့် ထီးချိုင့်မြို့တွင် တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် အင်းတော် – ထီးချိုင့်ကားလမ်းကို ပိတ်ပင်ထားသည့်အပြင် ယမန်နေ့ကစပြီး ကချင်ပြည်နယ်မှ အင်းတော်မြို့အတွင်းသို့ ဖြတ်သန်းခွင့်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပိတ်ပင်ထားကြောင်း သိရသည်။