ကချင်ပြည်နယ်မှ စစ်ကိုင်းတိုင်းသို့ ဆင်းမည့်ကားများ သွားလာခွင့်ပိတ်ပင်ထားသည်ဟုဆို
16 November 2023 – Kachinwaves
ကချင်ပြည်နယ်မှ စစ်ကိုင်းတိုင်းသို့ ဆင်းမည့်ကားများကို ယနေ့ကစပြီး ဖြတ်သန်းခွင့် ပိတ်ပင်ထားကြောင်း သိရှိရသည်။
ကချင်ပြည်နယ်မှ စစ်ကိုင်းတိုင်းသို့ ဆင်းမည့်ကားများကို နန့်စီးအောင်ဂိတ်မှစပြီး ပြန်လှည့်ခိုင်းကြောင်း ခရီးသည်ပို့ဆောင်ခြင်းလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။
“မိုးညှင်း – မြစ်ကြီးနားရတယ်။ အောက်ဘက်လမ်း ကသာ၊ ထီးချိုင့်၊ ရွှေဘို အကုန်ပြန်လွှတ်တာ။ လှည့်ပြန်ရတာ”
ကားလမ်းအသုံးပြုခွင့်ကို မည်သည့်အချိန်ထိ ပိတ်ပင်ထားမည်ကို မသိရှိရသေးပါ။
နန့်စီးအောင် စစ်ဆေးရေးဂိတ်တွင်ရှိသည့် စစ်ကောင်စီလက်အောက်ခံ ရဲ၊ စစ်သားနှင့် ဝန်ထမ်းများကလည်း စိုးနေပြီးကြိုတင်ပြင်ဆင်နေခြင်းဖြစ်နိုင်ကြောင်း အင်းတော်ဒေသခံတစ်ဦးက ပြောသည်။
“ကားလမ်းတွေပိတ်တော့ သူတို့ဂိတ်ကို ဝင်စီးခံရမှာစိုးပြီး ကြိုတင်ပြင်ဆင်နေကြတာတဲ့”
အင်းတော်နှင့် နယ်မြေချင်းကပ်နေသည့် ထီးချိုင့်မြို့နယ်အတွင်းလည်း တိုက်ပွဲဖြစ်ပွားနေရာ တော်လှန်ရေးအင်အားစုများက ၎င်းလမ်းပိုင်းအသုံးပြုခွင့်ကို ပိတ်ပင်ထားသည်။