စစ်ကောင်စီ တပ်၊ ရဲနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် (၂၇၂) ကျော်၊ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ပုံသဏ္ဍန်အမျိုးမျိုးဖြင့် တော်လှန်ရေးတပ်ဖွဲ့များထံသို့ ဝင်ရောက်လာ
16 November 2023 – Kachinwaves
၁၀၂၇ စစ်ဆင်ရေးစတင်ချိန်မှစပြီး ယနေ့အထိ လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်၊ ပြည်သူ့နှင့် ရဲ တပ်ဖွဲ့ဝင်များကို သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များမှ ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များကို ကိုးကားပြီး စုစည်းထားခြင်းဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း
နိုဝင်ဘာ ၁၄ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းများမှ လက်နက် ၁၀ လက်ကို TNLA ထံ လာရောက်အပ်နှံခဲ့သည်။
နိုဝင်ဘာ ၁၂ ရက်နေ့တွင် ကိုးကန့်ဒေသ (၁)၊ မန်လော်ကျေးရွာအုပ်စု၊ ရန်ခွမ့်ရွာအခြေစိုက် လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) လက်အောက်မှ ခမရ (၁၂၉) တပ်ရင်းမှ တပ်ရင်းမှူးကျော်ရဲအောင်ဦးဆောင်သည့် တပ်သား ၁၂၇ ဦးနှင့် တပ်မိသားစုဝင် ၁၃၄ ဦးတို့ မြောက်ပိုင်းမဟာမိတ်ထံ ဆက်သွယ်ပြီး လက်နက်ချခဲ့သည်။
အောက်တိုဘာ ၃၀ ရက်နေ့က ကွမ်လုံမြို့နယ်တောင်ပိုင်းရှိ ကံမိုင်းဒေသအခြေစိုက် ခလရ (၁၄၃) မှ ဒုတပ်ရင်းမှူးနှင့် တပ်ခွဲမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ ဦး လက်နက်ချခဲ့သည်။
အောက်တိုဘာ ၃၁ ရက်နေ့နံနက်တွင် ကိုးကန့်ဒေသ (၁)၊ ကွမ်လုံမြို့နယ်၊ ဟဲ့ဟော်ကျေးရွာတွင်ရှိသည့် ပြည်သူ့စစ်အဖွဲ့ဝင် ၁၅ ဦးမှာ ရှမ်းပြည်မြောက်ပိုင်း ညီနောင်သုံးဖွဲ့ထံ လက်နက်ချခဲ့သည်။
နိုဝင်ဘာ ၈ ရက်နေ့တွင် စကခ (၁၀) လက်အောက်ခံ ခမရ (၃၆၂) တပ်ရင်းမှ မောင်ဘုံနံအမည်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး လက်နက်ဖြင့်ထွက်ပြေးလာပြီး TNLA ထံတွင် လက်နက်ပေးအပ် အညံ့ခံခဲ့ကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များအား လက်နက်ချအလင်းဝင်ရန် အောက်တိုဘာ ၃၁ ရက်နေ့က ညီနောင်မဟာမိတ်သုံးဖွဲ့ ထုတ်ပြန်ပြီးနောက်ပိုင်း လက်နက်ချခိုလှုံလာသည့် စစ်ကောင်စီလက်အောက်ခံများ စစ်သား၊ ရဲ၊ ပြည့်သူ့စစ် (၂၀၀) ဦးကျော်ရှိပြီဖြစ်ကြောင်း နိုဝင်ဘာ ၁၄ ရက်နေ့က တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်ထားသည်။
ကရင်နီပြည်နယ်
နိုဝင်ဘာ ၁၄ ရက်နေ့တွင် လွိုင်ကော်တက္ကသိုလ်ဝင်းအတွင်း တပ်စွဲထားသည့် ခမရ (၆)မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦး လက်နက်ချအညံ့ခံခဲ့ကြောင်း KNDF မှ ဗီဒီယိုနှင့်တကွ ထုတ်ပြန်ထားသည်။
နိုဝင်ဘာလအတွင်း လွိုင်ကော်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦး လက်နက်နှင့်အတူ KNDF တပ်ဖွဲ့ထံတွင် ဘက်ပြောင်းခိုလှုံကြောင်း KNDF Battalion မှ ထုတ်ပြန်ထားသည်။
ကရင်ပြည်နယ်
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အစပ် ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာအနီး နိုဝင်ဘာ ၁၃ ရက်နေ့ကဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် တပ်မ (၂၂) လက်အောက်ခံစစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦး လက်နက်ချခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲစတင်သည့် နိုဝင်ဘာ ၁၃ ရက်နေ့တွင် ကျောက်တော်မြို့တောင်ဘက် ၁၀ မိုင်အကွာရှိ အပေါက်ဝရွာရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၂၂ ဦးနှင့် မိသားစုဝင်များ လက်နက်ချခဲ့သည့်အပြင် အခြားစခန်းမှ ရဲတပ်ဖွဲ့ဝင် ၆ ဦးလည်း လက်နက်များနှင့်အတူ ရက္ခိုင့်တပ်တော် AA ထံတွင် လက်နက်ချခိုလှုံခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်း
နိုဝင်ဘာ ၆ ရက်နေ့က ကောလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလံဖြူထောင်ပြီး လက်နက်ချခဲ့သည့်အတွက် ကောလင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များ သိမ်းပိုက်နိုင်ခဲ့သည်။
နိုဝင်ဘာ ၇ ရက်နေ့က ပင်လယ်ဘူးမြို့၊ ရဲစခန်းအတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များသည် အလံဖြူထောင်ပြီး လက်နက်ချခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာ ၁၄ ရက်နေ့တွင် ခင်ဦးမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့မှ တပ်သား ၁ ဦးမှာ ခင်ဦးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်ချိတ်ဆက်ပြီး လက်နက်နှင့်အတူ ဘက်ကူးပြောင်းလာကြောင်း သိရသည်။
နိုဝင်ဘာ ၆ ရက်နေ့တွင် ချောင်းဦးမြို့နယ်၊ အမြင့်ရဲစခန်းမှ ရဲတပ်သားတစ်ဦး တော်လှန်ရေးတပ်ဖွဲ့ထံ လက်နက်အပ်ခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၄ ထံတွင် လက်နက်ချခိုလှုံခဲ့ကြောင်း မြေလတ်အသံ သတင်းဌာနတွင် ဖော်ပြထားသည်။
မကွေးတိုင်း
မြိုင်မြို့နယ်၊ လင်းကတော့်နယ်မြေရဲစခန်းမှ ဒုတပ်ကြပ်အဆင့်ရှိ ရဲတစ်ဦးမှာ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း နိုဝင်ဘာ ၁၄ ရက်နေ့က မြိုင်ပကဖမှ ထုတ်ပြန်ခဲ့သည်။
နိုဝင်ဘာ ၅ ရက်နေ့က ကျောက်ထုမြို့အခြေစိုက်အမြောက်တပ်မှ ဒုအရာခံဗိုလ်တစ်ဦး လက်နက်နှင့်အတူ တော်လှန်ရေးတပ်ဖွဲ့ထံ ဘက်ပြောင်းခိုလှုံခဲ့ကြောင်း Yaw Revolution Army – ထီးလင်းအဖွဲ့က ထုတ်ပြန်ထားသည်။