တပ်စခန်းနှင့်နီးသည့်နေရာများမှ မြို့ထဲသို့ တိုးတိုးတိတ်တိတ် တိမ်းရှောင်နေရသည်ဟု ဆို
17 November 2023 – Kachinwaves
ကချင်ပြည်နယ်၊ နမ္မတီးမြို့အနီး စစ်ကောင်စီတပ်အခြေစိုက်ရာနေရာများနှင့် နီးစပ်သည့် ကျေးရွာများမှ ဒေသခံများမှာ မြို့အတွင်းသို့ ရှောင်တိမ်းနေထိုင်နေရကြောင်း နမ္မတီးဒေသခံများထံမှ သိရှိရသည်။
မိုးကောင်း – နမ္မတီးမြို့ကြားရှိ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ -၃ ) အနီးတွင်ရှိသော စစ်တပ်နှင့် ဆက်နွယ်သူများနေထိုင်ရာ သစ်ကြားတောင်စခန်းရွာ (ဒေသအခေါ်)၊ ဂေါ်ရခါးလူမျိုးအများစု နေထိုင်သည့် ကျေးရွာနှင့် သူဌေးကုန်းရွာတို့မှ ဒေသခံအချို့မှာ ကျေးရွာမှ ရှောင်တိမ်းနေကြကြောင်း သိရသည်။
“သူဌေးကုန်းရွာမှာနေတဲ့ ရှမ်းတွေ၊ ဂေါ်ရခါးတွေကိုတော့ (စစ်တပ်က) အသိမပေးဘူး။ သူတို့စစ်တပ်အချင်းချင်း၊ သူတို့လူတွေကိုပဲ တိုးတိုးတိတ်တိတ် အသိပေးပြီးမှ အကုန်ရှောင်ခိုင်းထားတယ်။ နမ္မတီးမြို့ပေါ်တို့၊ ဘာတို့၊ တခြားနေရာတွေ၊ မြစ်ကြီးနားဘက်တွေ အဲ့လိုရှောင်ခိုင်းတာပေါ့။ လွတ်ရာကျွတ်ရာရှောင်ခိုင်းတာ တိုးတိုးတိတ်တိတ်။ အဲ့စကားကအရပ်ထဲကို ပေါက်သွားတဲ့ခါကျတော့ အရပ်ကတချို့လူတွေလည်း ရှောင်ကုန်ကြတာပေါ့”ဟု နမ္မတီးမြို့တွင်နေထိုင်သည့် ဒေသခံတစ်ဦးက ဆိုသည်။
နမ္မတီးမြို့ကို KIA၊ KPDF များ လာရောက်တိုက်ခိုက်မည်ဟု သတင်းမှားများလည်း ထွက်ပေါ်နေရာ စကခ (၃) မှ လက်နက်ကြီးများဖြင့် ပစ်ခတ်လျှင် အန္တရာယ်ရှိနိုင်သည့် ဧရိယာအတွင်းကျရောက်နေသည့်အတွက် တပ်မှအငြိမ်းစားယူသူများနှင့် တပ်မိသားစုဝင်များနေထိုင်ရာ သစ်ကြားတောင်စခန်းအနီးရှိရွာကို စစ်တပ်က လျှို့ဝှက်အသိပေးရှောင်းတိမ်းခိုင်းထားခြင်းဖြစ်ကြောင်း ဒေသခံထံမှ သိရှိရသည်။
နိုဝင်ဘာ ၁၂ ရက်နေ့ကစပြီး သတင်းများပျံ့နှံ့နေသည့်အတွက် ယင်းကျေးရွာများမှ ဒေသခံများမှာ နမ္မတီးမြို့ပေါ်နှင့် မြစ်ကြီးနားဘက်သို့ တိမ်းရှောင်နေရကြောင်း သိရသည်။
မိုးကောင်း – နမ္မတီး – မြစ်ကြီးနား သွားလမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်က ကင်းပုန်းများချထားကြောင်း၊ နမ္မတီးမြို့မှ မြစ်ကြီးနားဘက်သို့အထွက် နမ္မတီးကျောက်တောင်တွင် စစ်တပ်ကကင်းထိုင်ထားပြီး လမ်းပိုင်းတွင် ဖြတ်သန်းသွားလာသည့် ကားများထံမှ အခကြေးငွေကောက်ခံခြင်းများ ပြုလုပ်နေကြောင်းလည်း သိရသည်။