ဒီးမော့ဆိုမှာ စစ်ကောင်စီလေကြောင်းဖြင့် တိုက်ခိုက်
10 March 2022-Kachinwaves
ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့ ဒေါငံခါးရပ်ကွက်နှင့် ကုန်းသာကျေးရွာ လမ်းမတစ်လျှောက်ကို ယနေ့နံနက် ၆နာရီခွဲခန့်တွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်များဖြင့် (၇)ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ဒေါငံကက်သလစ် သီလရှင်ကျောင်းဆောင်များနှင့် ဘိုးဘွားရိပ်သာအဆောင်များ ထိခိုက်ပျက်ဆီးခဲ့ကြောင်း KNDF သတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသည်။
မတ်လ ၉ ရက်နေ့တွင် ဒီးမော့ဆို မြို့နယ် ပူဖားကျေးရွာနှင့် သေးဆူလဲကျေးရွာများတွင် တပ်စွဲလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့များကို KNDF၊ KA တပ်များနှင့် မဟာမိတ်ပူးပေါင်းတပ်တို့က တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်များမှာ ၎င်းကျေးရွာအတွင်းရှိ ဒေသခံများ၏ နေအိမ်များအား လိုက်လံမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။
မတ်လ ၇ ရက်နေ့တွင်လည်း ပူဖားကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များသည် ကျေးရွာတွင်းတပ်စွဲကာ လူနေအိမ်အလုံး (၃၀)ကျော်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်းရေးသားထားသည်။
စစ်ကောင်စီတပ်ဖွဲ့များသည် တင့်ကား (၂)စီးဖြင့် ပူဖားကျေးရွာနှင့် သေးဆူလဲကျေးရွာများအတွင်းရှိ လူထုနေအိမ်များ၊ ဘာသာရေး အဆောက်အဦးများ၊ စာသင်ကျောင်းများတွင် တပ်စွဲကာ နေအိမ်တွင်းရှိပစ္စည်းများဖောက်ထွင်းခိုးယူခြင်းများကိုလည်း နေ့စဥ်လုပ်ဆောင်လျှက်ရှိကြောင်း ဖော်ပြထားသည်။
Photo. KNDF