လူ ၂၀ ဝန်းကျင်ပျောက်ဆုံးခဲ့သည့် ကျောက်စိမ်းလုပ်ကွက်မြေစာပုံတွင် ကျောက်ရှာသူများ ပြန်လည်စည်ကားနေ
–
လူ ၂၀ ဝန်းကျင် ပျောက်ဆုံးနေသည့် ဖားကန့်ကျောက်စိမ်းလုပ်ကွက်ဟောင်း မြေပြိုမှုဖြစ်စဉ်တွင် အရေးတယူ ကူညီကယ်ဆယ်သူများ မရှိဖြစ်နေကြောင်း ဖားကန့်ဒေသခံများထံမှ သိရှိရသည်။
ယမန်နေ့ (နိုဝင်ဘာ ၁၁ ရက်နေ့) က ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာရှိ “ကြိုင်” ကုမ္ပဏီလုပ်ကွက်ဟောင်း၊ ဒေသအခေါ် တင်အောင်ကြိုင်မြေစာပုံတွင် မြေစာစွန့်ပစ်ရာမှ မြေစာပုံပြိုကျမှု ဖြစ်ပွားခဲ့ရာ မြေစာလာရောက်စွန့်ပစ်သည့် ကုမ္ပဏီကားနှစ်စီး အပါအဝင် ရေမဆေးကျောက်ရှာသူ ခန့်မှန်းခြေ ၂၀ ဦးခန့် မြေစာပုံပြိုကျမှုအတွင်း ပျောက်ဆုံးသွားကြောင်း ဖားကန့်ဒေသခံထံမှတစ်ဆင့် သိရှိရကြောင်း သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
“မြေစာလာသွန်တဲ့အချိန်မှာ ဖြစ်သွားတော့ အောက်မှာရေမဆေး ကောက်နေတဲ့ဟာတွေ ပါသွားတာပေါ့ လာသွန်တဲ့ကား ၂ စီးလည်း တစ်ခါတည်း ပါသွားတာပေါ့။ ခန့်မှန်းခြေ လူ ၂၀ တော့အနည်းဆုံးပေါ့။ ၂၀ ထက်လည်း များနိုင်တယ် အတိအကျတော့ ဘယ်သူမှမသိဘူးပေါ့။”
အဆိုပါဖြစ်စဉ်တွင် ပျောက်ဆုံးသွားသူများကို ကူညီကယ်ဆယ်မည့် အသင်းအဖွဲ့များကို မတွေ့ရပဲ မြေစာပုံပြိုကျခဲ့သည့်နေရာ၌လည်း ရေမဆေးကျောက်လာရှာသူများ ပြန်လည်သွားလာ လှုပ်ရှားနေကြပြီဖြစ်ကြောင်း အခြားဖားကန့်ဒေသခံတစ်ဦးက ဆိုသည်။
“မြေပြိုတဲ့နားမှာတောင် ကျောက်ရှာတဲ့သူတွေနဲ့ ပုံမှန်အတိုင်းပဲ ရှိနေကြတာ။ အခုကကျတော့ အရင်ကလို ကြီးကြီးမားမား မဟုတ်တော့ လာကြည့်တဲ့သူလည်း မရှိဘူး။ ကျောက်ရှာတဲ့သူတွေနဲ့ ပုံမှန်ပဲလည်ပတ်နေတာ”
ပျောက်ဆုံးသူများအတွက် အရေးတယူ အကူအညီတောင်းမည့် မိသားစုဝင် (သို့) ပတ်ဝန်းကျင် မရှိသည့်အတွက်လည်း ကယ်ဆယ်ရေးလုပ်ငန်း လာရောက်လုပ်ကိုင်မည့်သူ မရှိခြင်းဖြစ်နိုင်ကြောင်းလည်း သူကဆိုသည်။
“တကယ်လို့ မိသားစုဝင်တွေရှိတယ်ဆိုရင်က သူ့မိသားစုဝင်တစ်ယောက်ယောက် ပါသွားတယ်။ ပျောက်သွားတယ်ဆိုရင် ရပ်ကွက်ထဲက တာဝန်ရှိသူကိုသွားပြော၊ လူမှုကူညီရေးတွေကို သွားပြောရင် လုပ်ပေးသေးတယ်လေ။ ခုကတစ်ကောင်ကြွက်တွေဆို ဘယ်သူမှလည်း အရေးမစိုက်ကြတော့ဘူး။”လို့ ဒေသခံက ပြောဆိုသည်။
ဖားကန့်ဒေသသည် ယခင်ကတည်းက နိုင်ငံအနှံ့မှ ပြည်သူများ လာရောက်လုပ်ကိုင် စားသောက်ကြသည့် ဒေသဖြစ်ပြီး၊ စစ်အာဏာသိမ်းပြီး နောက်ပိုင်းလည်း အနယ်နယ်အရပ်ရပ်မှ စစ်ဘေးရှောင်ပြည်သူများ လာရောက်လုပ်ကိုင်ကြရာ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများ ပိုမိုများပြားလာကြောင်း သိရသည်။
အာဏာသိမ်းကာလအတွင်း စည်းကမ်းမဲ့အလွန်အကျွံ တူးဖော်နေသည့် ကျောက်မျက်ကုမ္ပဏီများ၏ တူးဖော်ရေးလုပ်ငန်းများမှ ကျန်ရှိနေသည့် စွန့်ပစ်မြေစာပုံ ပြိုကျခြင်းနှင့် ရွှံ့နွံကန်များ ပေါက်ကျခြင်း၊ လုပ်ကွက်ဟောင်းများ ပြိုကျခြင်းများကြောင့် လူပေါင်းရာကဏန်းထောင်ချီ ထိခိုက်သေဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။