“ကြိုးစားနေတဲ့ လူတစ်ယောက်ကတော့ အချိန်တစ်ခုကြာလာတဲ့အခါမှာ လမ်းတစ်လမ်းကိုတော့ ရောက်ကိုရောက်လာမှာ။”
လူငယ်ဘဝ၊ လူငယ်ကဏ္ဍ။
ဝါးမီးပုံနဲ့ စာကျက်ခဲ့တဲ့ ကချင်လူငယ် သြစတြေးလျ တက္ကသိုလ်ရောက် အပိုင်း – ၂
. –
လက်ရှိ Australia နိုင်ငံအစိုးရကပေးတဲ့ ပညာသင်ဆုနဲ့ Queensland ပြည်နယ်က တစ်ကမ္ဘာလုံးရဲ့ အဆင့် ၅၀ စာရင်းဝင်တဲ့ Queensland တက္ကသိုလ်မှာ ပညာသင်ယူနေသူ ကို Lanem Sut Mai ရဲ့ မဆုပ်မနှစ်ကြိုးစားလိုတဲ့ စိတ်အရင်းအခံနဲ့ သူ့အိမ်မက်ကို ဘယ်လို ဆွတ်ခူးပြီးလျှောက်လှမ်းနေတဲ့သူဖြစ်ကြောင်းကို Kachin Waves ရဲ့ လစဉ်တင်ဆက်နေတဲ့ လူငယ်ဘဝ၊ လူငယ်ကဏ္ဍ အစီစဉ်ကနေ တင်ဆက်ပြီး ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ သူဒီလို နိုင်ငံတကာကျောင်းကို လျှောက်လှမ်းနိုင်ဖို့ ဘယ်လိုကြိုးစားခဲ့တာလဲ။ ပညာမတတ်ဆင်းရဲတဲ့ မိသားစုမျိုးဆက်ကနေ ရုန်းထွက်လိုတဲ့စိတ်ကို ဘယ်လိုမွေးမြူပြီး တွန်းလှန်ခဲ့တာလဲ ဆိုတာနဲ့ အပိုင်းကို ဆက်ပြီးမျှဝေလိုက်ပါတယ်။
“နိုင်ငံခြားသွားတက်ဖို့အတွက် အခြေအနေ မဟန်တဲ့သူတွေလည်းရှိတယ်။ ၁၀ တန်းတောင်မအောင်ဘူး၊ နိုင်ငံရေး အခြေအနေမကောင်းလို့ ကျောင်းထွက်ရတဲ့လူတွေ သူများလိုမျိုးဖြစ်ခွင့် မရတဲ့သူတွေ အများကြီးရှိတယ်။ ဒါပေမဲ့လေ အိမ်မက်ကလေ သူများဘဝလို ၁၀ တန်းအောင်မှ မဟုတ်ဘူး။ နိုင်ငံခြားကျောင်းကဘွဲ့ရမ မဟုတ်ဘူးနော်။ အဓိကကဘာလဲဆိုရင် ဒီအိမ်မက်က လူတိုင်းဖော်နိုင်တယ်။ ဒီအိမ်မက်ကိုလေ ဒီနိုင်ငံရေးကိုပဲ အကြောင်းပြပြီးတော့ မိသားစုဆင်းရဲမှုကိုပဲ အကြောင်းပြပြီးတော့ ရှိနေမယ်ဆိုရင် ဒီအိမ်မက်က ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ မင်းကိုလည်း ဘယ်သူမှသိမှာ မဟုတ်ဘူး။ မင်းမိသားစုပေါ့နော်၊ ခက်ခဲနေတဲ့ မျိုးဆက်ကနေ ဘယ်တော့မှ တိုးတက်လာမှာ မဟုတ်ဘူး။ ပညာမတတ်တဲ့ မျိုးဆက်ကနေ ဒီတိုင်း ပညာမတတ်တဲ့ မျိုးဆက်ပဲ ဒီတိုင်းဖြစ်နေမှာ။ မင်းကိုယ်တိုင်က ဒီအိမ်မက်ကို ထားလိုက်ပါတော့လေ မင်းကိုယ်တိုင်က ဆယ်တန်းမအောင်ရင်တောင်မှ ဆိုင်ကယ်ပြင် ပညာကိုတော့ မင်းသင်နိုင်တယ်ပေါ့လေ။ ဒီဆိုင်ကယ်ပြင်တဲ့ ပညာကိုပဲ ကောင်းကောင်းတတ်အောင် အဆုံးသတ်အောင်သင် ပိုက်ဆံရအောင်လုပ်၊ သူများကို ပြန်ပြီးပညာပေးနိုင်အောင်လုပ်၊ မိတ်ကပ်ပညာမှာဆိုရင်လည်း မိတ်ကပ်ပညာမှာ အထူးချွန်ဆုံး ဖြစ်အောင်လုပ်ပြီးမှ ဒီတိုင်း ၁၀ တန်းအောင်စရာ မလိုဘူး။ ကိုယ့်ရဲ့အောင်မြင်မှုက ဘယ်သူမှ ဟန့်တားလို့ မရဘူးကွာ။ တကယ်လို့များ ဒါနဲ့ပတ်သက်ပြီး ကိုယ့်အရည်အချင်းရှိလာတဲ့အခါ ပညာတတ်လာတဲ့အခါမှာ နိုင်ငံခြားမှာ ပညာသွားသင်လို့ရတယ်။ သင်တန်းတိုတွေ သွားတက်လို့ရတယ်။”
သူကိုယ်တိုင်ကလည်း အင်္ဂလိပ်စာကို ရူးရူးမူးမူးနဲ့ အသက်ကြီးသည် ငယ်သည်ကိုမမှု အပတ်တကုတ်ကြိုးစားခဲ့ပြီး ၂၀၁၅ – ၂၀၁၆ ခုနှစ်မှာ မြစ်ကြီးနား တက္ကသိုလ်ကနေ ဘွဲ့ရပြီးနောက် “စစ်ရောက်မှ မြှားချွန်” မဖြစ်ရလေအောင် ဆက်လက်မနားမနေ Nau Shawng လူမှုဖွံ့ဖြိုးရေးကောလိပ်မှာ ပညာဆည်းပူးခဲ့သူပဲ ဖြစ်ပါတယ်။
သူ့ဘဝသင်ခန်းစာကို အခြေခံပြီးတော့ နိုင်ငံခြားထွက် ပညာတော်သင်ဖို့ အိမ်မက်ရှိတဲ့သူတွေအနေနဲ့လည်း ကိုယ့်ရဲ့ မိသားစုက ဘဏ္ဍာရေးဖူလုံသူ တောင့်တင်းသူဖြစ်နေပါစေ၊ အဘက်ဘက်က အဆင်မပြေမှုတွေနဲ့ ဘဝတိုက်ပွဲဝင်နေရတဲ့ မိသားစုကဖြစ်နေပါစေ၊ အဓိကအရေးကြီးတာကတော့ ကိုယ်တက်ချင်တဲ့ ကျောင်းအပေါ်မူတည်ပြီး ဘာသာစကားအခြေခံ ဥပမာအားဖြင့် ကမ္ဘာသုံးအင်္ဂလိပ်စာကို ကျေညက်အောင်လုပ်ထားဖို့ အရေးကြီးကြောင်း သူက ဆက်လက်ရှင်းပြပါတယ်။ ဒါ့အပြင် စကောလားရှစ်လျှောက်ဖို့ စီစဉ်နေသူတွေအတွက် စေတနာ့ဝန်ထမ်း Volunteer အလုပ်ကို လေးလကနေ ခြောက်လထိ ထမ်းရွက်ဖူးတဲ့ အတွေ့အကြုံ၊ ထောက်ခံမှုတွေဟာ အရေးကြီးကြောင်း ဆက်ပြောပါတယ်။
“နိုင်ငံခြား မထွက်နိုင်ဘဲ၊ ထွက်ချင်တယ်၊ စိတ်ဓာတ်ကျနေတယ်ပေါ့နော်။ ဘာသင်ချင်မှန်းမသိဘူး၊ နိုင်ငံခြားထွက်ချင်တယ်။ အဲ့လိုမျိုးနဲ့ စိတ်ဓာတ်ကျပြီးတော့ ဘာကိုလုပ်ကိုင်ရမှန်းမသိ ဒါပေမဲ့ ၁၀ တန်းတွေတော့ အောင်နေတယ်ပေါ့နော်။ အဲ့လိုမျိုးလူ နိုင်ငံခြားထွက်ချင်တဲ့လူတွေ နိုင်ငံခြား ကျောင်းသွားတက်ချင်တဲ့လူတွေကို ပြောချင်တာကတော့ မင်းပြင်ဆင်ဖို့ အချိန်ကတော့လိုမယ် ချက်ချင်းကြီးကတော့ မင်းမှာလည်း စကေးတွေရှိနေပြီလား ပေါ့နော်။ အင်္ဂလိပ်စကေးတွေ အက်ဆေးတွေရေးနိုင်တဲ့ စကေးတွေရှိနေပြီလားပေါ့နော်။ ပြီးလို့ရှိရင် ပြောနိုင်နေပြီလားပေါ့နော်။ ပြီးတော့ ခုလောလောဆယ် သင်တန်းတွေတက်နေတဲ့ သူဆိုရင်လည်း မင်းကောင်းကောင်းမွန်မွန်ရော တက်နေပြီးလား ပေါ့နော်။ ပထမဦးဆုံး သူများဘယ်လိုပဲ သွားသွားပေါ့နော်။ ကိုယ်က သူများလိုက်လုပ်သလို မလုပ်နဲ့၊ သူများသွားသလို မသွားနဲ့။ ဒါပေမဲ့ စိတ်ဓာတ်တော့ ကျရမယ်။ ဒါပေမဲ့ ကိုယ့်မှာပြင်ဆင်စရာဖြစ်တဲ့ အင်္ဂလိပ်စာကို မရရတဲ့နည်းနဲ့ မိဘတွေဆိုလို့ရှိရင်လည်း ဘာပဲဖြစ်ဖြစ်ပေါ့နော်၊ ဆန်ပဲရောင်းပြီးပဲဖြစ်ဖြစ်၊ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်၊ မရရတဲ့နည်းနဲ့ ဘာပဲလုပ်ပေးပေးပေါ့နော်။ သူတို့သားသမီးတွေကို လုပ်ပေးရှာမှာပဲဆိုတော့ အဲ့တာကို တန်ဖိုးထားပြီးတော့ အင်္ဂလိပ်စာကို ပထမဦးဆုံးရအောင် စကားကို ကောင်းကောင်းမွန်မွန် ပြောနိုင်အောင် ရေးနိုင်အောင် လုပ်ရအောင်။ ပြီးရင် ဒုတိယအနေနဲ့ကတော့ ဘာလဲဆိုရင် ကိုယ်ကကိုယ့်ပိုက်ဆံနဲ့ ကျောင်းမတက်နိုင်တာဖြစ်တဲ့အတွက် volunteer experience တွေက တောင်းတယ်ပေါ့နော်။ ဒီလူငယ်က သူများအတွက် အလုပ်လုပ်လားဆိုတာကို သိချင်တာဖြစ်တဲ့အတွက် ခဏကပြောတဲ့ Bachelor Program လေးနှစ်သွားတက်ဖို့အတွက်က လေးနှစ်ဆိုတာ ပိုက်ဆံအထောက်အပံ့ အများကြီးလိုတာ စားစရာတွေ ပညာကောင်းတွေ ထောက်ပံ့ပေးနေတာ ဖြစ်တဲ့အတွက်ကြောင့်မို့ မင်းဘက်က သူများဆီမှာ volunteer လုပ်ဖူးတဲ့ အတွေ့အကြုံက အများကြီး မလိုဘူးနော်။ သိသူဖော်စားပဲနော် ဒီ volunteer တွေလည်း တတ်နိုင်တဲ့နည်းနဲ့ လုပ်ကြရအောင်။ လက်ရှိ နိုင်ငံရေး အခြေအနေကြောင့် ဘာမှလည်း လုပ်ချင်ကိုင်ချင်စိတ် မရှိတာမျိုးလည်း ဖြစ်မှာပဲသိလား။ ဒါပေမဲ့ နောက်နှစ်နောက်နှစ်တွေမှာ ကိုယ့်ဘဝက သေသွားမှာ မဟုတ်ဘူးလေ။ အမြဲတမ်းရှင်သန်နေအုံးမှာ ဖြစ်တဲ့အတွက် ဒါတွေလုပ်ပြီးတော့ ဒီစကောလားရှစ်ကိုလည်း ကိုယ်က စကေးတွေရှိပြီးသားဆိုရင် အချိန်ကောင်းကိုစောင့်မနေနဲ့ စကောလားရှစ်ဆိုတာက လျှောက်တဲ့သူအတွက်ပဲ မင်းအတွက်ပဲဆိုတော့ လျှောက်တဲ့အခါကျရင်လည်း ကူညီတတ်တဲ့ ဆရာ၊ ဆရာမတွေဆီက အကူအညီတောင်းပြီး လျှောက်ရအောင်။”
ပညာသင်ထောက်ပံ့ကြေး စကောလားရှစ်ဆိုတဲ့ အထဲမှာ အခြေခံအားဖြင့် သုံးမျိုးရှိပါတယ်။ နိုင်ငံအစိုးရက ပေးတဲ့ထောက်ပံ့ကြေးရှိသလို၊ ကိုယ်တက်လိုတဲ့ ကိုယ့်ရွေးချယ်ထားတဲ့ ကျောင်းကနေတဆင့်ပေးတဲ့ ထောက်ပံ့ကြေး၊ ပြီးတော့ NGO, INGO စတဲ့ အဖွဲ့အစည်းတွေကနေပေးတဲ့ ထောက်ပံ့ကြေးဆိုပြီး သုံးမျိုးသုံးစားရှိတာကို တွေ့ရပါတယ်။
အဲ့ဒီစကောလားရှစ် အမျိုးအစားထဲကမှ Full Scholarship ဆိုတဲ့ နေထိုင်စားသောက်စရိတ်၊ ကျောင်းစရိတ်၊ တကိုယ်ရည်စားသုံးဖို့ ငွေကြေးကအစ ကျောင်းသုံး ကွန်ပြူတာ၊ စာအုပ် စတဲ့ ကျောင်းသုံးပစ္စည်းအဆုံး ထောက်ပံ့ပေးတဲ့ စကောလားရှစ်ဆိုပြီး ရှိသလို၊ နေထိုင်စားသောက်စရိတ်မပါပဲ ကျောင်းစာရိတ်ကိုပဲ သီးသန့်ထောက်ပံ့တဲ့ Partial Scholarship ဆိုပြီး အမျိုးအမျိုးရှိတာကို တွေ့ရပါတယ်။
ဒါဆိုရင် သင်ကိုယ်တိုင်က စကောလားရှစ်လျှောက်ဖို့ ပြင်ဆင်နေတဲ့သူဆိုရင် ပထမဦးဆုံးအနေနဲ့ စကောလားရှစ် အမျိုးအစားကို တိတိပပ လေ့လာထားရပါမယ်။ လိုအပ်တဲ့ စာရွက်စာတမ်း ဥပမာအားဖြင့် ထောက်ခံစာ Recommendation Letter, Resume ကိုယ်ရေးအကျဉ်း၊ Motivation letter ပြီးရင် Academic Certificates တွေ ပြင်ဆင်ထားဖို့ အရေးကြီးပါတယ်။ အရေးကြီးဆုံးက ကိုယ်တက်လိုတဲ့ ကျောင်းအလိုက် ရှေ့က စီနီယာဖြစ်တဲ့ အကိုအမညီငယ်တွေရဲ့ အကူအညီ အကြံပြုချက်ကို တောင်းခံပြီး ဝမ်းစာဖြည့်ထားဖို့ လိုအပ်ပါတယ်။
တဆက်တည်းမှာပဲ ကိုဆွတ်မိုင် အနေနဲ့လည်း လက်ရှိ သူရရှိထားတဲ့ စကောလားရှစ်နဲ့ အတွေ့အကြုံတွေကို ပြောပြပါတယ်။
“စကောလားရှစ်ဆိုတဲ့ နေရာမှာ အရင်ဆုံးကိုယ်က သိရမယ်လေနော်။ လျှောက်မယ်ဆိုရင် ကိုယ်က ဘာမေဂျာကို လျှောက်ချင်တာလဲ။ ကျွန်တော်ဆိုရင် ကိုယ်နဲ့ကိုက်နေတာက ပညာရေး အေဂျူကေးရှင်းဖြစ်တဲ့အတွက် ဒီ Education subject ကိုပေးတဲ့ စကောလားရှစ်ကို ရှာရတော့မှာလေနော်။ လိုက်ရှာကြည့်လိုက်တဲ့အခါမှာ Asian Scholarship Award ဆိုရင် သူပေးထားတဲ့ စကောလားရှစ်ကို ကြည့်လိုက်တဲ့အခါ အားလုံးက ကိုယ်စိတ်ဝင်စားတဲ့ education ပါနေတဲ့အတွက် ဒါကြောင့်မို့ ဒါကို ကျွန်တော် focus လုပ်တယ်ဗျာ။ စကောလားရှစ်တွေကတော့ အများကြီးပဲ ဒီထဲကနေပြီးတော့ ကိုယ်က အခုကတည်းက ပြင်ဆင်ရမယ် ပြင်ဆင်တယ်ဆိုတာကလည်း ကိုယ်က ဘယ်လောက်မှ မကြာပါဘူး။ အဲ့တာကို လိုက်နေလို့ရှိရင် တစ်လနှစ်လနဲ့တင် ဒီအကြောင်းအရာတွေကို လျှောက်လိုက်ပါ မြန်ပါတယ်။ မကြိုးစားရင်တော့ ကိုယ်ပဲခံရမှာ စိတ်ဖိစီးမှုကတော့ တော်တော်လေးခံရမှာ။”
ကိုယ်ကိုယ်တိုင်ကလည်း စားဝတ်နေရေး အဘက်ဘက်ကနေ ကြိုစားရုန်းကန်နေရတဲ့ မိသားစုက မွေးဖွားလာသူတစ်ဦးဖြစ်ပေမဲ့ မဆုတ်မနစ်ကြိုစားမှုကြောင့် သူ့ရဲ့ အိမ်မက်ကြီးကို လျှောက်လှမ်းနိုင်နေတာနဲ့ အညီ ဂျူနီယာညီငယ်ညီမငယ် လူငယ်လူရွယ် အားလုံးကိုလည်း အိမ်မက်ကို အကောင်အထည်ဖော် ကြိုးစားဖို့ အခုလိုပဲ တိုက်တွန်းခွန်အားပြုလိုက်ပါတယ်။
“ကြိုးစားနေတဲ့ လူတစ်ယောက်ကတော့ အချိန်တစ်ခုကြာလာတဲ့အခါမှာ လမ်းတစ်လမ်းကိုတော့ ရောက်ကိုရောက်လာမှာ။ ကျွန်တော်လည်း အဲ့လိုပဲလေ လွန်ခဲ့တဲ့ ၂၀ နှစ်တုံးကဆိုရင် ပြန်ပြီးတော့ စဉ်းစားကြည့်မယ်ဆိုရင် တဆင့်ချင်း ကျွန်တော် ပြန်ပြီးတော့ လှမ်းခဲ့တယ်။ စိတ်ဓာတ်ကျပြီးတော့ အရမ်းပြီးအချိန်ကုန်ပြီးတော့မှ စိတ်ဓာတ်ကျပြီးဖြစ်နေတဲ့ အချိန်တွေလည်း ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ တစ်ညမှ မနားဘူး။ ကိုယ့်မိသားစုရဲ့ အခက်အခဲကို စဉ်းစားမိလေလေ အဲ့လိုပဲ စာလေ့လာတယ်။ ဆက်ကြိုးစားတယ်။ ဒီလိုမျိုးနဲ့ပဲ ကိုယ်လုပ်တဲ့အရာတွေက တဖြည်းဖြည်းနဲ့ အရာထင်လာပြီးတော့ ကိုယ်သွားချင်တဲ့အရာတွေ သွားနိုင်တယ်။ ကိုယ်လုပ်ချင်တဲ့အရာတွေ လုပ်လာနိုင်တယ်။ ကိုယ်လည်း ဒီရောက်လို့ အရမ်းပျော်တယ်လို့တော့ မဟုတ်ဘူး၊ စာတွေလုပ်ရတယ်။ နိုင်ငံခြား စကောလားရှစ်ရတယ်၊ ပိုက်ဆံတွေအများကြီး ပေးထားပေးတယ်။ ကျောင်းကောင်းမှာ တက်နေရတယ်ဆိုပေမဲ့ ကိုယ်က ပေးဆပ်ရမဲ့ဟာက ဘာလဲဆိုရင် အခုက စာတွေ အများကြီးလုပ်ရတယ်။ အဆိုင်းမန့်တွေ အရမ်းလုပ်ရတယ်။ စိတ်ဓာတ်တွေကျရတယ်။ ဒါပေမဲ့ တစ်ခုရှိတာကတော့ ငြိမ်းချမ်းတဲ့နိုင်ငံမို့လို့ လုံခြုံမှုတော့ရှိတယ်။ ကိုယ်က ဒါတွေကို သည်းခံနိုင်တဲ့ အခြေအနေမှာ တစ်ချိန်ချိန်မှာ ကိုယ့်ဘဝက ပိုလှပဖို့ပဲရှိတယ်။ အခုခက်ခဲနေတဲ့အရာတွေကို ကိုယ်က မကြိုးစားဘဲနေရင် သင့်ဘဝကလေ ဒီတိုင်းပဲ ရပ်နေမှာဖြစ်တဲ့အတွက် ကြိုးစားရအောင်ပေါ့နော် ကိုယ့်အိမ်မက်ကို အိမ်မက်မှာပဲမထားဘဲနဲ့ မြန်မြန် အကောင်အထည်ဖော်ရအောင်ပေါ့နော်။ အားလုံးကို အဲ့လိုမျိုး အားပေးချင်တယ်။ အရမ်းကြိုးစားခိုင်းချင်တယ်။”
စကောလားရှစ်နဲ့ နိုင်ငံခြားမှာ ပညာဆည်းပူးသွားသူတွေ အများစုဟာ အမိနိုင်ငံကိုပြန်လာပြီး နိုင်ငံနဲ့ လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုတဲ့ အခန်းကဏ္ဍတွေမှာ ပြန်လည်လုပ်ကိုင်ရမယ်ဆိုတဲ့ ကတိပျက်ကွက်လာတဲ့အခါ ကိုယ့်နောက်က စကောလားရှစ် လျှောက်မဲ့သူတွေအတွက် ထိခိုက်လာတာမျိုး ရှိတတ်တဲ့အတွက် ကိုယ်ပေးထားတဲ့ကတိတွေကို တာဝန်ယူနိုင်တဲ့သူတွေ ဖြစ်ဖို့အတွက်လည်း ကြိုးစားဖို့လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။