နောက်ဆုံးကျန်ရှိတဲ့ အမှတ် (၁၀၀၁) နယ်ခြားစောင့်တပ်ရင်းကို KIA အပြီးတိုက်ခိုက်သိမ်းပိုက်
–
ကချင်ပြည်နယ်အထူးဒေသ (၁) နယ်မြေက နောက်ဆုံးကျန်ရှိတဲ့ အမှတ် (၁၀၀၁) နယ်ခြားစောင့်တပ်စခန်းကို KIA နဲ့ KPDF ပူးပေါင်းတပ်တို့က ဒီနေ့ ညနေ ၇ နာရီခန့်မှာ အပြီးတိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရှေ့တန်းသတင်းအရင်းမြစ်ထံက သိရပါတယ်။
“၁၀၀၁ တပ်ရင်းကို ဘုရားကျေးဇူးတော်နဲ့ အပြီးသိမ်းလိုက်ပြီး။ ဒီနေ့ တစ်နေ့လုံး အားတကုန်ချတာပေါ့”လို့ သူက ပြောပါတယ်။
ကချင်အထူးဒေသ (၁) နယ်မြေထဲက စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ရင်း (၃)ခုနဲ့ ပြည်သူ့စစ်စခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာ နောက်ဆုံးပတ်ကနေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အထူးဒေသ (၁) ရဲ့ ဌာနချုပ်ဖြစ်တဲ့ ပန်ဝါမြို့အပါအဝင် အမှတ် (၁၀၀၂) နဲ့ အမှတ် (၁၀၀၃) နယ်ခြားစောင့်တပ်ရင်းတွေကို ဒီလထဲမှာပဲ သိမ်းပိုက်ခဲ့ပြီး ဖြစ်ပါတယ်။
ကချင်ပြည်နယ်အထူးဒေသ (၁) ဆိုတာ ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ယခင်က NDAK အဖွဲ့ နဝတ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူခဲ့ပြီးနောက် စစ်အစိုးရက သတ်မှတ်ခဲ့တဲ့ ဒေသဖြစ်ပါတယ်။