အင်းတော်ကွင်းလမ်း ပျက်စီးနေတဲ့နေရာတွေကို ပြုပြင်ရန် ငွေကြေးကောက်ခံပေမဲ့ ပြုပြင်ခြင်း မရှိသေး
–
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်က ကွင်းလမ်းမှာ ခရီးသယ်ယာဉ်တွေနဲ့ ကုန်တင်ယာဉ်တွေဆီကနေ လမ်းပြင်စရိတ်ဆိုပြီး ကောက်ခံနေပေမဲ့ လမ်းပြင်ပေးတာတွေ မရှိသေးကြောင်း ကားဆရာတွေက ပြောကြပါတယ်။
အင်းတော်မြို့ ကွင်းလမ်းဖြစ်တဲ့ မော်လူးနဲ့ မဲဇာကြားမှာ အခွန်ကောင်ခံတဲ့ဂိတ် ၂ ခုရှိပြီးတော့ မဲဇာဘက်ခြမ်းဂိတ်မှာတော့ ခရီးသယ်ကားတစ်စီးကို အသွားအပြန် (၆) သောင်းကျပ် ပေးဆောင်ရပြီး၊ မော်လူးဘက်အခြမ်းမှာတော့ လမ်းပြင်စရိတ်ဆိုပြီး အသွားအပြန် (၄) သောင်းကျပ် ပေးဆောင်ရတယ်လို့ ကားဆရာတစ်ဦးက ပြောပါတယ်။
“မဲဇာဘက်ခြမ်းမှာတော့ ခရီးသည်ကားတစ်စီးကို အတက် (၃) သောင်း၊ အဆင်း (၃) သောင်း၊ စုစုပေါင်း ခြောက်သောင်းကျပ် ပေးရတယ်ပေါ့။ သူကတော့ ပြေစာပေးတယ်ဗျ။ မော်လူးဘက်ခြမ်းမှာတော့ လမ်းပြင်စာရိတ်ဆိုပြီး အသွားအပြန် (၄) သောင်း ထပ်ကောက်တယ်။ ရဲဘော်တစ်ယောက်က အားလုံးပိုက်ဆံကြိုထုတ်ထားမယ်၊ အားလုံးပိုက်ဆံတွေ ကြိုထုတ်ထားမယ်ဆိုပြီး၊ အော်ပြီးကောက်နေတာ။ အဲ့တာကတော့ ပြေစာမပေးပဲ ကောက်နေတာ။ ကုန်တင်ကားတွေနဲ့ ဆီကားတွေဆို ဒီထက်ပိုပေးရတယ်။ ကုန်တင်ကားတစ်စီးကို မဲဇာဘက်ဂိတ်မှာ ၅ သောင်း၊ မော်လူးဘက်ဂိတ်မှာ ၃ သောင်း ပေးရတယ်ထင်တယ်။ သူတို့လည်း အသွားအပြန် တစ်သိန်းခြောက်သောင်းလောက် ပေးရတယ်။”လို့ ကားဆရာက ပြောပါတယ်။
အင်းတော်မြို့ကို ကွင်းတဲ့လမ်း (၃) လမ်းရှိပြီးတော့ (၃) လမ်းစလုံးမှာ မိုးရွာရင် ဗွက်အိုင်တွေနဲ့ ဆိုးရွားစွာ ပျက်စီးနေပြီး၊ အခုချိန်ထိ ခရီးသည်ယာဉ်တွေနဲ့ ကုန်တင်ကားတွေ သွားလာဖို့ရန် ခက်ခဲနေတယ်လို့လည်း ကားဆရာက ပြောပါတယ်။
“၂ လကျော်ပြီ သူတို့လမ်းပြင်စရိတ်ဆိုပြီး ကောက်နေတာ။ အခုချိန်ထိ ဘယ်နေရာမှ ပြင်တာတွေ မရှိသေးဘူး။ အရင်လို ဆိုးနေတုန်းပဲ။ သွားရတာကို တစ်လိမ့်ချင်းသွားနေရတာ။ သူတို့ကောက်လိုက်တဲ့ လမ်းပြင်စရိတ်တွေ ဘယ်နေရာမှာ သွားသုံးနေလဲ။ ပြောလိုက်ရင် လမ်းပြင်နေတယ်။ လမ်းပြင်နေတယ်နဲ့ ဘယ်နေရာမှ ပြင်ထားတာ မတွေ့ရဘူး။ မသိလို့ မေးလိုက်ရင်လည်း အအော်အငေါက်က ခံရသေးတယ်။”လို့ ပြောပါတယ်။
အင်းတော်မြို့ကို ကွင်းတဲ့လမ်းဟာ ယခင်က သစ်တွေထုတ်တဲ့လမ်းဖြစ်ပြီး မြေသားလမ်းဖြစ်တဲ့အတွက် မိုးရွာရင် လမ်းတွေဆိုးရွားစွာ ပျက်စီးတတ်ပြီး၊ နီးစပ်ရာကျေးရွာတွေကသာ အလှူငွေခံကာ လမ်းပြင်တာတွေ ရှိတယ်လို ဒေသခံတစ်ဦးက ပြောပါတယ်။
“ကွင်းလမ်းက အရင်က သစ်ထုတ်တဲ့ လမ်းဆိုတော့ မိုးလေးရွာလိုက်တာနဲ့ လမ်းကပျက်ပြီ။ ကားတွေကလည်း ရွာထဲက ဖြတ်ဖြတ်သွားရတော့ ရွာလမ်းတွေ ပျက်တာတော့ရှိတယ်။ အဲ့တာကိုလည်း ရွာသားတွေက သူတို့ဟာသူတို့ အလှူခံပြီး လမ်းတွေပြင်ကြတာ။ သက်ဆိုင်ရာ အဖွဲ့အစည်းကတော့ ပြင်တာမရှိဘူး။”လို့ ပြောပါတယ်။
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေက လမ်းပြင်စရိတ် ကောက်ခံတာတွေနဲ့ ပတ်သက်ပြီး ပအဖ ဘက်ကို မေးမြန်းကြည့်တဲ့အခါ လမ်းပြင်နေတာတွေလည်းရှိပြီး၊ ကားတစ်စီးအတွက် ကုန်မပါရင် ၅ ထောင်ကျပ်နဲ့ ကုန်ပါရင် ၁ သောင်းကျပ် ကောက်ခံကာ ဆီသယ်ကားဆိုရင်လည်း သဲကျောက်ပါမှသာ ဖြတ်သန်းခွင့် ပြုတယ်လို့ ပြောပါတယ်။
“အင်းတော်ကို ကွင်းလို့ရတဲ့လမ်းက သုံးလမ်းရှိတယ်။ လမ်းက အတတ်နိုင်ဆုံး ပြင်နေကြပါတယ်။ ပြင်တာက သုံးလမ်းစလုံးပဲ။ မိုးပြတ်ရင် ကောင်းတယ်။ လမ်းပြုပြင်ကြေးဆိုပြီး သတ်မှတ်နှုန်းထားနဲ့ ကောက်ခံတာရှိသလို တတ်နိုင်သလောက် အလှူခံတဲ့ကျေးရွာတွေလည်း ရှိတယ်။ ကျနော်သိရသလောက် ခါလီ ၅ ထောင်၊ ကုန်ပါ ၁ သောင်းပါ။ ဆီကားမှန်သမျှတော့ သဲကျောက်မတိုက်ခဲ့ရင် ဖြတ်သန်းခွင့် မရှိပါဘူး။ ဆီကဲ့မယ့်ကားဆိုရင် သဲကျောက်သယ်ပေးရတယ်။”လို့ မြို့နယ် ပအဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မန္တလေး – မြစ်ကြီးနား ကားလမ်းပေါ်မှာရှိတဲ့ စစ်ကိုင်းတိုင်း အင်းတော်မြို့မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ကစပြီး မြို့တွင်းတိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် လမ်းကိုရက်အကန့်သတ်မရှိ ပိတ်ထားတာကြောင့် ခရီးသည်ယာဉ် အသေးတွေနဲ့ ကုန်တင်ယာဉ် အသေးစားတွေအတွက် အင်းတော်မြို့ ကွင်းလမ်းကို ဩဂုတ်လ ၂၇ ရက်နေ့ကနေ ဖွင့်ပေးခဲ့တာဖြစ်ပြီးတော့ ကားတွေ တစ်ရက်ရာနဲ့ချီ ဖြတ်သန်းနေကြောင်း သိရပါတယ်။