ဖီမော်၊ ချန်းမောခုန်း၊ နိုဇွန်ဘော်၊ တစ်လျှောက်ရှိ ဒေသခံပြည်တွေ စစ်မှုမထမ်းချင်တာကြောင့် တိမ်းရှောင်နေရ
–
KIA က ချီဖွေမြို့နယ်နဲ့ ပန်ဝါမြို့ကို သိမ်းပိုက်ပြီးနောက် အမှတ် (၁၀၀၁) နယ်ခြားစောင့်တပ်ရင်း ဒေသ ဖီမော်၊ ချန်းမောခုန်း၊ နိုဇွန်ဘော်၊ တစ်လျှောက်ရှိ ဒေသခံပြည်သူ ယောကျ်ားသားတွေကို စစ်မှုထမ်းရန် ဖမ်းဆီးနေတာကြောင့် ပြည်သူတွေ တောထဲတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
“ယောကျ်ားလေးဘယ်နှစ်ယောက်ရှိရင် ဘယ်နှစ်ယောက် သေနတ်ကိုင်ဖို့ လူသစ်စုလိုက်ဖမ်းနေတာကြောင့် အများပိုင်းပြည်သူက တောမှာပဲရှောင်နေကြပါတယ်။”လို့ သတင်းရင်းမြစ်တစ်ဦးက ဒီကနေ့ စာရေးပေးပို့ပါတယ်။
အဆိုပါသတင်းရင်းမြစ်ကပဲ ချီဖွေမြို့နယ် ဖီမော်မြို့မှာ ပြည်သူတွေကို စစ်မှုမထမ်းမနေရဆိုပြီး၊ လူတစ်ရာကျော် စစ်သင်တန်းဆင်းပြီး၊ အများပြည်သူများက စစ်မှုထမ်းရမှာကိုကြောက်ပြီး တိမ်းရှောင်နေရတယ်လို့ မေလတုန်းကလည်းတစ်ခါ Kachin Waves ကို ပြောပြခဲ့ဖူးပါတယ်။
ပြည်သူ့စစ်သင်တန်းသားတွေရှေ့မှာ ဝါဒဖြန့်သီချင်းနဲ့ ဖြေဖျော်နေတဲ့ ဗီဒီယိုမှတ်တမ်းတိုကိုလည်း ၎င်းက မေလ ၆ ရက်နေ့မှာ ပေးပို့ခဲ့ပါတယ်။
ကချင်ပြည်နယ်အထူဒေသ (၁) ဖီမော်၊ နိုဇွန်ဘော်စစ်ကြောင်းမှူး လက်မှတ်ထိုးပြီး ဒေသတွင်းရှိ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား “တစ်ဦးတစ်ယောက်မကျန် အရေးပေါ်ဒေသလုံခြုံရေးအတွက် ပါဝင်တာဝန်ထမ်းဆောင်ရမည်။”လို့ ဧပြီလ ၁၅ ရက်နေ့က ထုတ်တဲ့ “စစ်မိန့်ထုတ်ပြန်ချက်” တစ်စောင်ကိုလည်း တွေ့ရပါတယ်။
KIO ကတော့ စစ်ကောင်စီရဲ့ ဩဇာခံပြီး ပြည်သူ့စစ်ဖွဲ့စည်းခြင်း မပြုရန်၊ ကေအိုင်အို နဲ့ အတူလျှောက်လှမ်းရန် အရင်မိန့်ခွန်းတွေမှာ ပြောကြားခဲ့သလို ဒီကနေ့ကျရောက်တဲ့ KIO ဖွဲ့စည်းတည်ထောင်ခြင်း (၆၄) နှစ်မြောက် မိန့်ခွန်းမှာလည်း ထပ်မံပြောကြားခဲ့တာကို တွေ့ရပါတယ်။
ကချင်ပြည်နယ်အထူးဒေသ (၁) က စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်ရင်း (၃) ခုရှိတဲ့အထဲ အမှတ် (၂) နဲ့ (၃) နယ်ခြားစောင့်တပ်ရင်းတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ပြီး ဖြစ်ပါတယ်။