ကာကွယ်ရေးဝန်ကြီးဌာနအောက် PDF တပ်ဖွဲ့ဝင်တွေ ပြစ်မှုကျူးလွန်ရင် တိုင်ကြားနိုင်တဲ့ တိုင်ကြားမှုများဆိုင်ရာ ကော်မတီဖွဲ့ထားကြောင်း သိရ
–
ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) နဲ့ ပကဖတွေ ပြစ်မှုကျူးလွန်ရင် တိုင်ကြားနိုင်ပြီး၊ တိုင်ကြားစာ ကော်မတီကိုလည်း ဖွဲ့စည်းထားပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်မှာရှိတဲ့ PDF တပ်ဖွဲ့တွေနဲ့ ပကဖတပ်ဖွဲ့တွေ ပြစ်မှုကျူးလွန်ရင် တိုင်ကြားနိုင်ပြီး၊ အပြစ်ပေးအရေးယူဆောင်ရွက်တာတွေ လုပ်ဆောင်နေပြီလို့ MOD ရုံးနဲ့ နီးစပ်တဲ့သူက ပြောပါတယ်။
“အခုက တကယ်ကို အရေးယူဆောင်ရွက်နေပြီပေါ့နော်။ ပြစ်မှုကျူးလွန်တာပဲဖြစ်ဖြစ်၊ ဒီ ကာကွယ်ရေးအဖွဲ့ထဲက မဟုတ်တာ လုပ်ထားတာကို သံသယရှိရုံပဲဖြစ်ဖြစ် တိုင်ကြားနိုင်တယ်။ ကျွန်တော်တို့ဘက်က မြေပြင်ထိဆင်းပြီး စုံစမ်းစစ်ဆေးတာတွေ လုပ်ပေးတယ်။ ပြီးတော့ သက်သေခိုင်မာတယ်၊ ပြစ်မှုထင်ရှားတယ်ဆိုရင် အပြစ်ပေး အရေးယူဆောင်ရွက်တာတွေ လုပ်ဆောင်တယ်။”လို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ တိုင်ကြားမှုများဆိုင်ရာ ကော်မတီရဲ့ Signal, Telegram, Viber နံပါတ် +66986466730 နဲ့ Email: cc@mod.nugmyanmar.org တွေကနေတဆင့် ဆက်သွယ်တိုင်ကြားနိုင်တယ်လို့လည်း ဆိုပါတယ်။
MOD ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တိုင်ကြားစာကော်မတီက ဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ PDF နဲ့ ပကဖ (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) တွေကိုသာ အရေးယူဆောင်ရွက်နိုင်ပြီး၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) နဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တွေကိုတော့ ၎င်းတို့ဝန်ကြီးဌာနအနေနဲ့ အရေးယူဆောင်ရွက်ခြင်း မရှိနိုင်ပေမဲ့ သက်ဆိုင်ရာ အရေးယူပေးနိုင်တဲ့ ဌာနတွေကို လွှဲပြောင်းတာတွေ လုပ်ဆောင်ပေးတယ်လို့လည်း ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို စည်းကမ်းသေဝပ်ကာ ပြည်သူကို အလုပ်အကျွေးပြုတဲ့ တပ်မတော်တရပ် ဖြစ်လာစေရန် ရည်ရွယ် တည်ဆောက်လျက်ရှိပြီး၊ လိုအပ်တဲ့ထိန်းကြောင်းမှုတွေကို အဆင့်ဆင့်ဆောင်ရွက်လျက်ရှိသလို တပ်မတော်သားတွေ ကျူးလွန်တဲ့ ပြစ်မှုတွေကိုလည်း မျှတတဲ့တရားစီရင်မှုများ (fair trial)၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၃ ရက်နေ့က လူသတ်မှုကျူးလွန်ခဲ့တဲ့ ရဲဘော်ကို ထောင်ချခဲ့တဲ့ ထုတ်ပြန်ချက်နဲ့ ဆက်စပ်ပြီး အသိပေးထားပါတယ်။