စစ်ကိုင်း အင်းတော်မြို့ နန့်သာစခန်းကို PDF၊ KIA၊ KPDF ပူးပေါင်းအဖွဲ့က အပြီးသတ်သိမ်းပိုက်၊ စကစ ဗိုလ်ကြီး ပြုံးမောင်မောင် အပါအဝင် အလောင်း ၁၆ လောင်းတွေ့ရှိ
28 June 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နန့်သာရွာက စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးအင်အားစုဘက်က ယနေ့ ဇွန်လ ၂၈ ရက် နံနက်ပိုင်းတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရပါသည်။
ဇွန်လ ၂၂ ရက် ည ၉ နာရီတွင် စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က ပြည်သူ ၂၀ ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားသည့်အတွက် ဇွန်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ တိုက်ပွဲရပ်နားခဲ့ရကာ ၂၇ ရက်နေ့မှ ပြန်လည်တိုက်ခိုက်ခဲ့ရာ ယနေ့ ၂၈ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်တွင် အပြီးသတ်သိမ်းနိုင်ခဲ့သည်ဟု ကသာခရိုင် တပ်ရင်း ၂ က ရဲဘော်တစ်ဦးက ပြောပါသည်။
“၂၂ ရက်နေ့ ည ၉ နာရီလောက်မှာ စတိုက်တာပေါ့။ သူတို့က ရွာထဲမှာကျန်နေတဲ့ ပြည်သူ ၂၀ ကျော်လောက်ကိုဖမ်းပြီး လူသားဒိုင်းအဖြစ်ခေါ်ထားတော့ ပြည်သူတွေထိမှာစိုးလို့ (ဇွန်လ) ၂၄၊ ၂၅ နဲ့ ၂၆ ကို သုံးရက်နားလိုက်ရတယ်ပေါ့။ ၂၇ ရက်နေ့မှာ ပြန်စတိုက်တာ။ ၂၈ ရက်နေ့ မနက်ပိုင်းတော့ တစ်စခန်းလုံးကို ရလိုက်တာ။ တစ်ယောက်မှ အရှင်မကျန်ဘူး။”ဟု ဆိုသည်။
တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၆ ဦးသေဆုံးကာ လက်နက်မျိုးစုံ ၁၀ လက်ကျော်ရရှိခဲ့ပြီး သေဆုံးသွားသူထဲတွင် ၃ ပွင့်ဗိုလ်ကြီး ပြုံးမောင်မောင် ပါဝင်ကြောင်း ပြောသည်။
နန့်သာရွာ ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းသည် အင်အား ၁၈ ဦးသာရှိပြီး၊ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လခန့်ကတည်းက စစ်ကောင်စီတပ်က ကတုတ်ကျင်းနှင့် ဘန်ကာများကို အခိုင်အမာ တည်ဆောက်ကာ တပ်စွဲနေထိုင်ခဲ့သည့် အရေးပါသော စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်ကြောင်းလည်း ပြောသည်။
“နန့်သာရွာက ဗန်းမောက်နဲ့ အင်းတော်ကြားမှာရှိတဲ့ရွာပေါ့။ အဲ့တာမို့ စစ်တပ်ဘက်က အင်းတော်နဲ့ ဗန်းမောက်ဘက်ကြားက PDF လမ်းကြောင်းတွေကို ဖြတ်တောက်ချင်တဲ့အတွက်ကြောင့် မနှစ် မတ်လလောက်မှာ စပြီးအထိုင်ချတပ်စွဲခဲ့တာပေါ့။ စစ်ကောင်စီတပ်အတွက် အရေးပါတဲ့တပ်စခန်းတစ်ခုလည်း ဖြစ်တယ်။”ဟု ဆိုသည်။
တိုက်ပွဲဖြစ်ပွားနေစဉ် နဘားရွာမှာ တပ်စွဲထားသည့် စစ်ကောင်စီအင်အား ၆၀ ကျော်နှင့် အင်းတော်မြို့ပေါ်မှ စစ်ကောင်စီအင်အား ၄၀ ကျော် စုစုပေါင်း ၁၀၀ ကျော်တို့အား နန့်သာရွာသို့ စစ်ကူလွှတ်ခဲ့သော်လည်း သက္ကယ်ကျင်းရွာထိပ်နှင့် နန့်သာရွာမရောက်မီ၊ ဒေသအခေါ် ကန်ညီနောင်အရောက်တွင် တော်လှန်ရေးအင်အားစုဘက်က ဖြတ်တောက်ထားနိုင်ခဲ့သည်ဟု ပြောသည်။
အဆိုပါတိုက်ပွဲအတွင်း အင်းတော်စစ်ကောင်စီတပ်ကုန်းမှ ၁၂၂ မမ လက်နက်ကြီးဖြင့် အကြိမ် ၄၀ နီးပါး ပစ်ခတ်ခဲ့ပြီး ဇွန်လ ၂၂ ရက်နေ့ ည ၁၂ နာရီအချိန်နှင့် ဇွန်လ ၂၈ ရက်နေ့ နံနက် ၈ နာရီအချိန်တွင်လည်း လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့သည့်အတွက် စစ်ကောင်စီတပ်က ဓားစာခံဖမ်းဆီးထာသည့် ပြည်သူ ၂၀ ကျော် သေဆုံးခဲ့ရသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။
အဆိုပါတိုက်ပွဲအား တပ်မဟာ (၉) မှ KIA၊ KPDF အဖွဲ့နှင့် ကသာခရိုင် တပ်ရင်း (၂) ပူးပေါင်းတပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။