စကစ က ဘုန်းကြီးကျောင်းထဲ ဖမ်းဆီးထားတဲ့ နန့်သာရွာပြည်သူတွေ လေယာဉ်ဗုံးကြဲခံရပြီး ၁၇ ဦးသေ၊ ၈ ဦး ဒဏ်ရာရရှိ၊ ၂၀ ကျော်ဖမ်းဆီးခံထားရဆဲ
24 June 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နန့်သာရွာမှာ စစ်ကောင်စီတပ်က ဖမ်းခေါ်ထားတဲ့ ပြည်သူတွေ လေကြောင်းနဲ့ ပစ်ခတ်ခံရလို့ ဦးဇင်းတစ်ပါးအပြင် ကလေးနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ၁၇ ဦးသေ၊ ၈ ဦး ဒဏ်ရာရရှိ၊ ၂၀ ကျော်ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း သိရပါတယ်။
ဇွန်လ ၂၂ ရက်နေ့ ည ၉ နာရီအချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ နန့်သာရွာထဲမှာ တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီတပ်က ပြည်သူတွေကို ထွက်ခွင့်မပေးပဲ ဘုန်းကြီးကျောင်းဝန်းထဲမှာ ပိတ်ထားခဲ့ပြီး ည ၁၂ နာရီအချိန်မှာ တံတားဦးမှတက်သည့် ဂျက်ဖိုက်တာတစ်စီးနဲ့ အဲ့ဒီဘုန်းကြီးကျောင်းထဲကိုပဲ ဗုံး ၂ လုံး ကြဲချသွားခဲ့တယ်လို့ နန့်သာဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ည ၉ နာရီလောက်မှာ တိုက်ပွဲစတယ်ပေါ့နော်၊ အဲ့အချိန်မှာ စစ်တပ်ဘက်က ပြည်သူတွေကို ထွက်ခွင့်မပေးပဲ ဘုန်းကြီးကျောင်းထဲမှာ ပိတ်ထားခဲ့တယ်။ နန့်သာမှာက ဘုန်းကြီးကျောင်း နှစ်ကျောင်းရှိတာလေ၊ တစ်ကျောင်းက တောင်ပေါ်မှာပေါ့၊ နောက်တစ်ကျောင်းက တောင်အောက်မှာ။ တောင်အောက်က ကျောင်းက ခွေးတွေ (စကစ) ထိုင်တဲ့ကျောင်းပေါ့။ လေယာဉ်ကလာပြီးတော့ အဲ့ကိုမှားကြဲသွားတာ။ ရုတ်တရက်ကြီးဆိုတော့ ကြဲမယ်လို့ ဘယ်သူမှမထင်ထားဘူးလေ။ အဲ့တာမို့လည်း အထိတွေများကုန်တာ။”လို့ ဒေသခံက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်ပဲ ဘုန်းကြီးကျောင်းထဲပိတ်မိနေတဲ့ ပြည်သူ ၁၇ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂၀ ကျော်ဖမ်းဆီးခံထားရသေးတယ်လို့လည်း ပြောပါတယ်။
သေဆုံးသွားတဲ့သူတွေဟာ မိသားစုလိုက်တွေဖြစ်ပြီးတော့ ဦးဇင်း ဝင်းဇော် သက်တော် ၄၀ နှစ်၊ ဒေါ်ကျင်စော အသက် ၇၅ နှစ်၊ မပို ၄၀ နှစ်၊ ဦးသန်းစိန် ၅၅ နှစ်၊ ဦးအုန်းကျော် ၆၀ နှစ်၊ ဦးပိန်သေး ၅၉ နှစ်၊ ဒေါ်မနှင်း ၆၂ နှစ်၊ မစန္ဒာလင်း ၃၂ နှစ်၊ မသူဇာမော် ၃၄ နှစ်၊ ဦးကျော်မျိုး ၃၇ နှစ်၊ မခင်စံပယ်ဦး ၃၀ နှစ်တို့နှင့်သားဖြစ်သူ ၅ နှစ်၊ ဒေါ်ဂျမ်းပုံ ၈၀ နှစ်၊ ဒေါ်ဂျမ်းပုံရဲ့ သမီး ၆၀ နှစ်၊ ဒေါ်တင်အေး ၅၀ နှစ်၊ မကြူကြူသင်း ၄၅ နှစ်၊ ကိုတင်စိုးလွင် ၄၂ နှစ်တို့ ဖြစ်ကြောင်း ပြောပါတယ်။
“သေတဲ့သူအများစုက မိသားစုလိုက်ကြီးတွေပေါ့။ နန့်သာရွာမှာက စစ်တပ်အထိုင်ချထားတော့ အဲ့ရွာမှာရော အဲ့အနီးကရွာတွေက ပြည်သူတွေပါ စစ်ဘေးရှောင်နေတာ နှစ်ချီနေပြီ။ အခုသေတဲ့ပြည်သူတွေက ထွက်မပြေးနိုင်ပဲ ကျန်ထားတဲ့သူတွေရယ်၊ စစ်တပ်နဲ့အတူ ယှဉ်တွဲနေထိုင်သူတွေရယ်ပဲ ပါသွားတာ။”လို့လည်း ဒေသခံက ပြောပါတယ်။
အင်းတော်မြို့ အနောက်ဘက် ၈ မိုင်အကွာမှာရှိတဲ့ နန့်သာရွာမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မတ်လ ကတည်းက စစ်တပ်အထိုင်ချထားတဲ့အတွက် နန့်သာ၊ အောင်းကုန်း၊ အင်ပင်၊ မော်တိတ်နဲ့ ရွာသာယာရွာမှ ပြည်သူ ၅၀၀၀ ကျော်လောက်ဟာ စစ်ဘေးရှောင်နေရတာ ၁ နှစ်ကျော်ကြာနေပြီဖြစ်ကြောင်း သိရပါတယ်။
အင်းတော်မြို့နယ်မှာ စစ်အာဏာသိမ်းတဲ့အချိန်မှ ၂၀၂၄ ခုနှစ်အထိ အစုလိုက်အပြုံလိုက်အသတ်ခံတာဟာ ၄ ကြိမ်ထိရှိခဲ့ပြီး စုစုပေါင်းအသတ်ခံရသူ ၄၀ နီးပါးရှိကြောင်း Indaw Revolution-IR အဖွဲ့က ထုတ်ပြန်ထားပါတယ်။