စစ်ကိုင်းဖိုရမ် ၁ နှစ်ပြည့်အတွက် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပမယ်လို့ ကြေညာထား
29 May 2024 – Kachinwaves
စစ်ကိုင်းဖိုရမ် (Sagaing Forum) တစ်နှစ်ပြည့်အတွက် Talk Show အစီအစဉ်ကို မေလ ၃၁ ရက် မြန်မာစံတော်ချိန် ညနေ ၇ နာရီ မိနစ် ၃၀ မှာ ကျင်းပပြုသွားမှာဖြစ်တယ်လို့ Sagaing Forum အဖွဲ့က ကြေညာထားပါတယ်။
စကိုင်းဖိုရမ်ဟာ မေ ၃၀ ရက်နေ့မှာ တစ်နှစ်ပြည့်တော့မယ်လို့ သိရပါတယ်။ ပထမဆုံး အကြိမ်ကျင်းပမယ့် အဆိုပါအစီအစဉ်မှာ တစ်နှစ်အတွင်း စစ်ကိုင်းဖိုရမ် ဘာတွေတိုးတက်ပြောင်းလဲလာပြီလဲ၊ ရှေ့ဆက်ဘာတွေကို လုပ်ဆောင်မှာဖြစ်ကြောင်းနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကြားက ပူးပေါင်းဆောင်ရွက်မှု အခြေအနေအပါအဝင် စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးရာကိစ္စတွေကို ပြည်သူတွေဆီ ဆွေးနွေးတင်ဆက်မှာဖြစ်ကြောင်း စစ်ကိုင်းဖိုရမ်လုပ်ငန်းကော်မတီမှ ကိုကျော်ဝေဖြိုးက ပြောပါတယ်။
“စစ်ကိုင်းဖိုရမ်းဆိုတာ Platform တစ်ခုပဲ ဖြစ်တယ်။ စစ်ကိုင်းတိုင်းမှာရှိတဲ့ တော်လှန်ရေး အင်အားစုတွေ စုပြီးဆွေးနွေးကြတဲ့ စကားဝိုင်းတစ်ခုပဲ အဲ့ကနေ သဘောထားစုစည်းချက်တွေ စုစည်းပြီးတော့ ဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့က အကောင်အထည်ဖော်ကြတာပေါ့။”လို့ ဆိုပါတယ်။
အမေးအဖြေ အခန်းကိုလည်း စီစဉ်ထည့်သွင်းထားတာကြောင့် တက်ရောက်သူများအနေနဲ့ မိမိတို့ ဆွေးနွေးလိုတဲ့ အကြောင်းအရာတွေကို Live ထုတ်လွှင့်နေစဉ် တိုက်ရိုက်ဆွေးနွေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကိုင်းဖိုရမ်ဖွဲ့စည်းခြင်းရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီးလည်း စစ်ကိုင်းဖိုရမ်ရဲ့ လူမျိုးစုရေရာအဖွဲ့ထဲမှ ရှမ်းနီတိုင်းရင်းသားရေးရာအဖွဲ့ဝင် ကိုစိုင်းဂျိုးဇက်က အခုလိုရှင်းပြပါတယ်။
“စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံနဲ့ နောက်ပြီး ကိုယ့်တိုင်းမှာရှိတဲ့ တော်လှန်ရေး အင်အားစုတွေ စုစည်းမိအောင်၊ ကျစ်လစ်မိအောင်နဲ့ နှောင်တစ်ချိန် သဘာဝသယံဇာတ ခွဲဝေရေးကိစ္စတွေပါ မျှတဖို့ရန်အတွက် စစ်ကိုင်းဖိုရမ်ကို တော်လှန်ရေး အင်အားစုတစ်ရပ်အနေနဲ့ ဖွဲ့စည်းခဲ့တယ်။”လို့ ကိုစိုင်းဂျိုးဇက်က ဆိုပါတယ်။
စစ်ကိုင်း ဖိုရမ် (၁) နှစ်ပြည့် Talk Show အစီစဉ်မှာ စစ်ကိုင်းဖိုရမ် လုပ်ငန်းကော်မတီမှ ကိုကျော်ဝေဖြိုး၊ ပြည်သူ့ဆက်ဆံရေး လုပ်ငန်းအဖွဲ့မှ ကိုတိုးဝေအောင်၊ ဖယ်ဒရယ်ရေးရာ လုပ်ငန်းအဖွဲ့မှ မစန်းဗွီး၊ သုတေသနနဲ့ ဖွဲ့ဖြိုးရေးလုပ်ငန်းအဖွဲ့မှ ကိုလွမ်းသူတို့က ပါဝင်ဆွေးနွေးကြမှာဖြစ်ပြီး ကိုဘကြီးက Moderator အဖြစ် ပါဝင်သွားမယ်လို့ Talk Show နဲ့ ပတ်သက်ပြီး ကြေညာထားပါတယ်။