စစ်ကောင်စီရဲ့ Y-12 လေယာဉ်တစ်စင်း ဝိုင်းမော်မှာ စက်ချို့ယွင်း ပျက်ကျ၊ လေယာဉ်မှူးကို ဖမ်းမိထားတယ်လို့ ပြော
27 May 2024 – Kachinwaves
စစ်ကောင်စီတပ်က ဗုံးကြဲလေယာဉ်အဖြစ်အသုံးပြုနေတဲ့ Y-12 လေယာဉ်တစ်စင်း မနေ့က ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာအတွင်းမှာ ပျက်ကျခဲ့ပြီး လေယာဉ်မောင်းသူကိုလည်း တော်လှန်ရေးဘက်က ဖမ်းမိထားတယ်လို့ သိရပါတယ်။
စစ်ရေးတင်းမာနေတဲ့ ဝိုင်းမော်မြို့နယ်အတွင်း ဗုံးကြဲဖို့ပျံသန်းလာတဲ့ စစ်ကောင်စီရဲ့ Y-12 လေယာဉ်တစ်စင်းဟာ မနေ့က မွန်းလွဲပိုင်းလောက်မှာ ခတ်ချိုကျေးရွာ နယ်မြေထဲက တစ်သျူးငှက်ပျောစိုက်ခင်းထဲ စက်ချို့ယွင်းပြီး ပျက်ကျခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။
“(လေယာဉ်ပျက်ကျတာ) ဟုတ်တယ်၊ တကယ်တဲ့။ သူငယ်ချင်းကို မေးကြည့်တာ။ သူ့ဟာသူ စက်ချို့ယွင်းပြီး ပျက်တာထင်တယ်။ မောင်းတဲ့သူကတော့ မသေဘူး။ ဖမ်းမိထားတယ်ပြောတယ်။”
စစ်ကောင်စီရဲ့ တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်တဲ့ “ကြီးအာပလာ” ဆိုတဲ့ တယ်လီဂရမ်ချန်နယ်မှာလည်း စစ်ကောင်စီရဲ့ Y-12 လေယာဉ် ရာသီဥတုအခြေအနေကြောင့် ခတ်ချိုမှာ ပျက်ကျခဲ့တယ်လို့ တင်ထားပါတယ်။
လေ့ကျင့်ရေး၊ သယ်ယူပိုဆောင်ရေး၊ လေထီးခုန် လေ့ကျင့်ရေးနေရာတွေမှာ အသုံးပြုတဲ့ အပေါ့စားလေယာဉ် Y-12 ကို ရှမ်းပြည်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း စစ်ကောင်စီတပ်က ဗုံးကြဲဖို့တွင်ကျယ်ကျယ် အသုံးပြုလာတာ ဖြစ်ပါတယ်။
မိုင် ၈၀၀ ကျော် အကွာအဝေးထိသွားနိုင်တဲ့ အဆိုပါလေယာဉ်အမျိုးအစားဟာ တစ်ချိန်တည်းမှာ မိုးရွာသလို လေပေါ်ကနေ ဗုံးသီးအမြောက်အများ ကြဲချနိုင်ပြီး လေပေါ်မှာ ၅ နာရီကြာ ပျံသန်းနိုင်တဲ့ လေယာဉ်အမျိုးအစားဖြစ်တာကြောင့် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအတွက် အနှောင့်အယှက်အဖြစ်ဆုံး လေယာဉ်ဖြစ်တယ်လို့ တော်လှန်ရေးရဲဘော်တွေက ဆိုကြပါတယ်။