ရွှေညောင်ပင်တိုက်ပွဲအတွင်း ပိတ်မိခဲ့တဲ့ ဘီဘရာရွာ ငှက်ပျောခြံလုပ်သားများ ဝိုင်းမော်အဝင်မှာ ပစ်ခတ်ခံရပြီး ထိခိုက်မှုရှိ
27 May 2024 – Kachinwaves
တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ငှက်ပျောခြံလုပ်သားများ ဝိုင်းမော်အဝင် ခါးရှီကျေးရွာမှာ မနေ့ညပိုင်းက ပစ်ခတ်ခံရတာကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၂ ဦးရှိပြီး ၁ ဦးသေဆုံးကြောင်း သိရပါတယ်။
ဝိုင်းမော်မြို့နယ် ရွှေညောင်ပင် စခန်းသိမ်းတိုက်ပွဲအတွင်း ပိတ်မိခဲ့တဲ့ ဘီဘရာရွာ၊ ငှက်ပျောခြံလုပ်သား ၁၀၀ ကျော် ဝိုင်းမော်ဘက်ကို သုံးဘီး၊ တွဲကားတွေနဲ့ စစ်ရှောင်ဖို့အသွား ဝိုင်းမော်အဝင် ခါးရှီကျေးရွာနားမှာ စစ်ကောင်စီတပ်က ပိတ်ဆို့ပစ်ခတ်ခဲ့တယ်လို့ သတင်းပေးသူတစ်ဦးက အခုလိုပြောပြပါတယ်။
“စစ်ပွဲထဲမှာ ပိတ်မိနေတဲ့ပြည်သူတွေကို လွှတ်လိုက်မယ်ဆိုတဲ့အကြောင်း KIA ဘက်ကနေ စစ်ကောင်စီတာဝန်ရှိတဲ့သူဆီကို ဆက်သွယ်လိုက်တယ်တဲ့။ စစ်ကောင်စီဘက်ကနေလည်း လွှတ်လိုက်ပါဆိုပြီး အကြောင်းပြန်ထားပေမယ့်၊ ဘီဘရာကနေ ထွက်လာတဲ့ ပြည်သူတွေဟာ ဝိုင်းမော်ရောက်တော့ မြေပြင်မှာရှိတဲ့ စစ်ကောင်စီစစ်သားတွေရဲ့ ပစ်ခတ်တာ ခံလိုက်ရပါတယ်။”လို့ ပြောပါတယ်။
ဒဏ်ရာရသူအယောက် ၂၂ ဦးရှိပြီး ၎င်းတို့ကို မြစ်ကြီးနားဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ဒဏ်ရာ မရရှိတဲ့ပြည်သူတွေကို စစ်တပ်က ဖမ်းဆီးထားတာကြောင့် ဒီကနေ့မနက်က ဝါးရှောင်ဆရာတော်နဲ့ Peace-talk Creation Group (PCG) အဖွဲ့ရဲ့ အကူအညီနဲ့ ပြည်သူတွေကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အခုလ မေ ၁၈ ရက်နေ့ကစပြီး တစ်ဖန်စတင်လာခဲ့တဲ့ ဝိုင်းမော်မြို့နယ်က KIA ရဲ့ ထိုးစစ်ဆင်တိုက်ပွဲများအတွင်း စစ်ကောင်စီရဲ့ စစ်စခန်း (၁၃) ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထားနိုင်တာ ဖြစ်ပါတယ်။