မဲဇာတောင်အဆင်းတွင် ကုန်ကားတစ်စီးတိမ်းမှောက်၍ ယာဉ်မောင်းအကူ သေဆုံး
11 April 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်နှင့် အင်းတော်မြို့နယ်အစပ် မဲဇာတောင်အဆင်းတွင် ယနေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က မန္တလေးမှ မြစ်ကြီးနားသို့ ပြေးဆွဲနေသော ကုန်တင်တွဲကားတစ်စီး တိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်းအကူ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
မဲဇာတောင်အဆင်းတွင် ကားဘရိတ်ပေါက်ကာ ဘေးလမ်းချော်ထွက်သွား၍ တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းအကူသည် ဒဏ်ရာအပြင်းထန်ရရှိ၍ အင်းတော်မြို့သို့သယ်ဆောင်သွားစဉ် လမ်းမှာသေဆုံးသွားကြောင်း သွားရောက်ကူညီပေးသူ အမျိုးသားတစ်ဦးက ပြောသည်။
“ကားမောင်းတဲ့သူက ထိခိုက်ဒဏ်ရာ အနည်းအကျင်းလေးပဲ ရတာ။ ဖြစ်တာက ထီးချိုင့်နယ်ထဲမှာဖြစ်တာ အင်းတော်နဲ့လည်းနီးတယ်။ ဘရိတ်ပေါက်တာ၊ ကားမှောက်တော့ စပယ်ယာက ခုန်ချလိုက်တာနဲ့ကားက ပိသွားတာ။ စစချင်းတော့ မသေသေးဘူး။ ချိုင့်တွေထောက်ပြီး ဆွဲထုတ်ရတာ။ ကားနဲ့အင်းတော်ပို့ဖို့လုပ်နေတုန်းမှာပဲ လမ်းမှာတင်ဆုံးသွားတာ။”ဟု ဆိုသည်။
သေဆုံးသွားသူမှာ ကံမမြို့နယ်မှ အသက် ၃၈ နှစ်အရွယ် ကိုဖြိုးဝေ ဆိုသူဖြစ်ပြီး အလောင်းကိုတော့ အင်းတော်မြို့နယ် မအူကုန်ရွာ သုသာန်၌ထားရှိပြီး မနက်ရောက်မှ သင်္ဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခင်းဖြစ်ပွားခဲ့သော မဲဇာတောင်သည် အတက်အဆင်းများနှင့် အကွေ့အကောက်များ ပေါများသဖြင့် ယာဉ်မကြာခဏဆိုသလို တိမ်းမှောက်လျှက်ရှိသော နေရာဖြစ်ကြောင်း သိရသည်။