ဟိုပင်တိုက်ပွဲမှာ SNA ဗိုလ်ကြီးတစ်ဦးသေဆုံးပြီးနောက် ရဟတ်ယာဉ်နဲ့ တိုက်ခိုက်ခဲ့လို့ အရပ်သား ၄ ဦး ထိခိုက်
1 April 2024 – Kachinwaves
ကချင်ပြည်နယ်၊ ဟိုပင်မြို့မှာ မနေ့က စစ်ကောင်စီ၊ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ပူးပေါင်းတပ်ဖွဲ့နဲ့ KIA၊ K-PDF တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးသူများခဲ့တယ်လို့ သိရပါတယ်။
ဟိုပင်မြို့အထွက် မြို့ဦးစေတီမှာ တပ်စွဲထားတဲ့ SNA နဲ့ စစ်ကောင်စီ ခလရ (၄၀) တပ်က ပူးပေါင်းအုပ်စုကို ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့ရာ စေတီအနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
“မနက် ၈ နာရီလောက်မှာ ဒရုန်း၊ လက်နက်ကြီးနဲ့ပစ်ပြီး ပစ်ခတ်မှုဖြစ်တာ။ ဟိုပင်တပ်ရင်း (၄၀) ကနေလည်း ပစ်ကူပေးတယ်။ KIA၊ PDF ဘက်က ပူးတွဲလက်တွဲညီ လုပ်ဆောင်ရာမှာ (စစ်ကောင်စီဘက်က) ဆယ်ယောက်ကျော်သေပြီး အများအပြားဒဏ်ရာရတယ်။”
ထိခိုက်သူတွေထဲ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ရဲ့ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး ပါဝင်တယ်လို့ သိရပြီး၊ ဒဏ်ရာရရှိသူတွေကိုတော့ မြစ်ကြီးနားဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ သိရှိရပါတယ်။
စစ်ကောင်စီဘက်က အထိနာသွားတဲ့အတွက် မွန်းတည့် ၁၂ နာရီလောက်မှာ Mi 35 ရဟတ်ယာဉ်နဲ့ ဟိုပင်အနီးက ဂလိုင်ချောင် ရေအားလျှပ်စစ်ဘက်၊ စံပယ်တောင်ဘက်နဲ့ ငါးမိုင်ရှမ်းကုန်း ကျေးရွာဘက်တွေမှာ ပစ်ခတ်ခဲ့တယ်လို့ သိရပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
မတ် ၃၀ ရက်နေ့ကလည်း စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေ အထိုင်ချထားတဲ့ မြို့ဦးစေတီကို ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့သေးတယ်လို့လည်း သိရှိရပါတယ်။