ပြည်သူ့စစ် ခေါင်းဆောင်တွေအတွက် ယူတတ်ရင် သံဝေဂရစရာ (သို့) ဦးရွှေမင်းပေးတဲ့ သင်ခန်းစာ
နိုင်ငံရေး၊ ဆောင်းပါး။
10 March 2024 – Kachinwaves
ကချင်ပြည်နယ်က ပြည်သူ့စစ်အဖွဲ့စည်းတွေထဲမှာ ခပ်စွာစွာဖြစ်ခဲ့သူကတော့ မတ်လ ၇ ရက်နေ့မနက်က ပြည်သူ့စစ်စခန်းသို့ သွားတဲ့လမ်းမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးသွားတဲ့ ဦးရွှေမင်း (ခေါ်) ဆီဖာလာလူး ဖြစ်ပါတယ်။
ဝိုင်းမော်မြို့နယ် ခါးရှီးကျေးရွာနားမှာ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်ခံရလို့ သေဆုံးသွားတာ ဖြစ်ပါတယ်။
ဦးရွှေမင်းကို ဒူးလေးပါတီခေါ် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌဖြစ်လာတဲ့နောက်ပိုင်းကျမှ လူတွေသိလာကြတာ ဖြစ်ပါတယ်။ ပါတီဥက္ကဌ ဖြစ်နေတဲ့အချိန်ကနေ KIA ကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့သူဖြစ်တဲ့အတွက် လူတွေက သူ့ကိုပိုပြီး သတိထားလာကြတာ ဖြစ်ပါတယ်။
ဦးရွှေမင်းဟာ ကချင်ပြည်နယ်အတွင်းက ပူတာအို၊ မချမ်းဘော့၊ ဆော့လော်၊ ခေါင်လန်ဖူးနဲ့ ချီဖွေမြို့နယ်တွေကို လီဆူအထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးရန် အမျိုးသားဒီမိုကရေစီအစိုးရ လက်ထက်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံမှာ တောင်းဆိုခဲ့ပါသေးတယ်။ သူရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတောင်းဆိုမှုကြောင့် ပူတာအိုမှာ ဒေသခံပြည်သူ ထောင်ချီပါဝင်တဲ့ ကန့်ကွက်ဆန္ဒထုတ်ဖော်မှုတွေ ရှိခဲ့ပါတယ်။
ဒါ့အပြင် ဦးရွှေမင်းဟာ “လီဆူ”ဆိုတဲ့ လူမျိုးအမည်မှန်ကို တရားဝင်သတ်မှတ်ပေးရန်လည်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံမှာ တောင်းဆိုခဲ့ပြီး ဂျိန်းဖေါ်လူမျိုးကြီးဝါဒကို ဆန့်ကျင့်တယ်လို့ မကြာခဏ ဝါဒဖြန့်ပြောဆိုခဲ့သူ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းတဲ့နောက်မှာတော့ သူဟာ ပြည်သူ့စစ်ဖွဲ့စည်းရေးမှာ တက်တက်ကြွကြွ ဦးဆောင်ပါဝင်လာသူ ဖြစ်ပါတယ်။ အများက သူဦးဆောင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ကို ဦးရွှေမင်းပြည်သူစစ်အဖွဲ့ (သို့မဟုတ်) လီဆူပြည်သူ့စစ်အဖွဲ့လို့ သတ်မှတ်ခေါ်ဆို ကြပါတယ်။ ဒါပေမဲ့ ဦးရွှေမင်း ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့က လီဆူလူမျိုးကိုကိုယ်စား မပြုတဲ့အတွက် လီဆူပြည်သူ့စစ်လို့ မခေါ်ကြရန် ကန့်ကွဲတဲ့ အဖွဲ့အစည်းတွေလည်း ရှိပါတယ်။
ဦးရွှေမင်းက သူဟာ ပြည်သူ့စစ်ခေါင်းဆောင် မဟုတ်ဘဲ အကြံပေးအဖြစ်သာ ပါဝင်တယ်လို့ Kachinwaves ကို ဖြေကြားခဲ့ဖူးပေမယ့် သူသေဆုံးသွားတဲ့အချိန် ဖတ်ခဲ့တဲ့ အမိန့်ပြန်တမ်းစာအရတော့ သူဟာ တနိုင်း၊ ဆော့လော်နဲ့ ဝိုင်းမော်မြို့နယ် ဌာနေပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်ဖြစ်ကြောင်း သိရပါတယ်။ ပြီးတော့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာနဲ့ နိုဝင်ဘာလမှာ လီဆူလူမျိုးများ တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရစီမံချက်ကို ထုတ်ပြန်ကြေညာပြီး ကိုယ်တိုင်တက်တက်ကြွကြွ ကွင်းဆင်းလူသစ်စုဆောင်း စည်းရုံးခဲ့သူပဲ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ဦးရွှေမင်းဟာ စစ်ကောင်စီအလိုကျ ပြည်သူ့စစ်အဖွဲ့အင်အား ကောင်းလာရေး တက်တက်ကြွကြွ ဦးဆောင်လှုပ်ရှားခဲ့တဲ့အတွက်သူ့ကို ဒူးလေးပါတီ ခေါင်းဆောင်ထက် ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် လူသိပိုများခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ပြည်သူ့စစ်အဖွဲ့ကလည်း စစ်ကောင်စီနဲ့ KIA၊ တော်လှန်ရေးတပ်ဖွဲ့တွေကြား ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်ကနေ တိုက်ကူပေးခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။
ဦးရွှေမင်း ဦးဆောင်ခဲ့တဲ့ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဟာ တရုတ်ကွန်မြူနစ်ပါတီ ကမကထ ပြုလုပ်ကျင်းပတဲ့ ကမ္ဘာ့နိုင်ငံရေးပါတီ ခေါင်းဆောင်တွေရဲ့ အစည်းအဝေးတွေမှာလည်း ဖိတ်ကြားခံရပြီး ထိုသို့ဖိတ်ကြားခံရမှုကို ဂုဏ်ယူစွာ ပြန်လည်ဖော်ပြတတ်ခဲ့သူ ဖြစ်ပါတယ်။
ဒါ့အပြင် ဒူးလေးပါတီဥက္ကဌတွေဟာ စစ်တပ်ရဲ့ လွတ်လပ်ရေးနေ့နဲ့ တပ်မတော်နေ့ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားတွေမှာ အမြဲတမ်းဖိတ်ခေါ်ခံရတဲ့ ပါတီခေါင်းဆောင်တွေထဲမှာ ပါဝင်ပါတယ်။
အာဏာသိမ်းပြီးနောက် ဦးရွှေမင်းဟာ ပြည်သူ့စစ်ခေါင်းဆောင်အဖြစ်သာ လူသိများလာတဲ့နောက် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့မှာတော့ ပါတီဥက္ကဌနေရာကနေ အနားယူပြီး နာယကအဖြစ် ပြောင်းလဲတာဝန်ယူ ခဲ့ပါတယ်။ ဦးရွှေမင်းဟာ စစ်ကောင်စီ ချီးမြှင့်ပေးအပ်တဲ့ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင် သီရိပျံချီဘွဲ့ ကို ချီးမြှင့်ခံခဲ့ရသူ ဖြစ်ပါတယ်။ သီရိပျံချီဘွဲ့ ချီးမြှင့်ခံရပြီး နေပြည်တော်ကနေ ပြန်လာတဲ့ ဦးရွှေမင်းကို လီဆူတိုင်းရင်းသားရိုးရာဝတ်စုံ ဝတ်ဆင်ထားသူတွေနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ ခေါင်းဆောင်ကြီးသဖွယ်ပုံဖော်ပြီး မြစ်ကြီးနားလေဆိပ်မှာ ဂုဏ်ပြုပန်းစည်းတွေနဲ့ ကြိုဆိုခဲ့ကြပါတယ်။
ဦးရွှေမင်းကို ဒူးလေးပါတီဥက္ကဌဖြစ်ပြီးနောက် ၂၀၁၅ ခုနှစ်နောက်ပိုင်းကျမှ လူတွေဖြည်းဖြည်း သိလာကြပြီး ရှေ့ပိုင်းက သူ့ဘဝအကြောင်းကိုတော့ လူတွေမသိသလောက် ဖြစ်ပါတယ်။
စုံစမ်းသိရသလောက် သူဟာ ဦးဇခုန်တိန့်ယိန်းခေါင်းဆောင်တဲ့ ဒီမိုကရေစီသစ် တပ်မတော် – ကချင် (NDA-K) အဖွဲ့မှာ ဗိုလ်မှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာတော့ သူ့ရဲ့အထက်အရာရှိ G-1 ဦးမန်ကီးခေါင်လွမ်းက ဦးဇခုန်တိန့်ယိန်းကို အာဏာသိမ်းရန်ကြံစီမှု မအောင်မြင်ခဲ့တဲ့နောက်ပိုင်း ပန်ဝါနယ်ကို စွန့်ခွာပြီး ဖားကန့်မှာ ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်ခဲ့တယ်လို့ အရင်က NDA-K ဌာနချုပ် ပန်ဝါမြို့မှာ နေထိုင်ခဲ့ဖူးသူ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဦးရွှေမင်းဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် လီဆူတိုင်းရင်းသားလူမျိုးရေရာ ကိုယ်စားလှယ်နေရာအတွက် မဲနိုင်ခဲ့ပြီး သူသက်ရှိထင်ရှားရှိခဲ့စဉ်က လီဆူတိုင်းရင်းသားလူမျိုးရဲ့ ခေါင်းဆောင်ကြီးလို ပုံဖော်နေထိုင်ခဲ့ပေမဲ့ သူသေဆုံးသွားတဲ့ အခါမှာတော့ ဝမ်းနည်းကြောင်း သဝဏ်လွှာကို လူသိရှင်ကြားထုတ်ပြန်တဲ့ အဖွဲ့တောင် မရှိခဲ့တာကို တွေ့ရပါတယ်။ ဂုဏ်ပြုချီးမြှင့်ခြင်း၊ ဝမ်းနည်းကြောင်း သဝဏ်လွှာတွေကို အများပြည်သူသိရှိအောင် အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာပေါ်တွေမှာ တင်နေကြဖြစ်တဲ့ ဒီကနေ့ခေတ်ကာလထဲမှာ ပါတီခေါင်းဆောင်လည်းဖြစ်ခဲ့သလို လူမျိုးအခြေပြုထားတဲ့ ပြည်သူ့စစ်ခေါင်းဆောင်လည်းဖြစ်တဲ့ နာမည်ကြီး ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ မတွေ့ရတာဟာ အာဏာရှင်အကြိုက် ဖွဲ့စည်းထားတဲ့ အခြားပြည်သူ့စစ် ခေါင်းဆောင်တွေအတွက်လည်း စဉ်းစားစရာ ဖြစ်ပါတယ်။ အထူးသဖြင့် သူကိုယ်တိုင် ဥက္ကဌလုပ်ခဲ့ပြီး နာယကအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့တဲ့ (ဒူးလေးပါတီ) ရဲ့ Facebook ပေ့မှာတောင် မတွေ့ရတာ အံ့ဩစရာပါ။
ဒါ့အပြင် သူ့ရဲ့ အမိန့်ပြန်တမ်း ဖတ်ကြားစဉ်မှာလည်း ပြည်သူ့စစ်တပ်ဖွဲ့ဝင် သုံးဦးသာ မသေမသပ်နဲ့ သေနတ်မြှောက် အလေးပြုခြင်း၊ သေနတ်မြေစိုက် အလေးပြုခြင်းနဲ့ ဖတ်ကြားခဲ့ရတာကို လူမှုကွန်ရက်ပါ် ထွက်ပေါ်လာတဲ့ ဗီဒီယိုမှတ်တမ်းမှာ တွေ့ရပါတယ်။
ဦးရွှေမင်းရဲ့ အဖြစ်အပျက်ဟာ အမျိုးသားရေး ခေါင်းစဉ်တပ်ပြီး ပြည်သူတွေကို လှည့်စားစည်းရုံးကာ ကိုယ့်အကျိုးစီးပွားအတွက် စွာကျယ်နေတာဟာ အသေဆိုးနဲ့ သေပန်းမလှဖြစ်ပြီး ကိုယ်မျိုးဆက်တွေအတွက်လည်း သမိုင်းအမွေဆိုး ထားပေးခဲ့ရမယ်ဆိုတာ စစ်ကောင်စီအလိုကျ ဆောင်ရွက်ပေးနေတဲ့ ပြည်သူ့စစ်ခေါင်းဆောင်တွေအတွက် ယူတတ်ရင် သံဝေဂရစရာ ဖြစ်ပါတယ်။