တော်လှန်ရေးအင်အားစုတွေရဲ့ နိုင်ငံရေးလမ်းပြမြေပုံ အကောင်အထည်ဖော်နိုင်ဖို့ အိမ်နီးချင်းနဲ့ ဒီမိုကရေစီနိုင်ငံကြီးတွေ ပြတ်ပြတ်သားသား ကူညီပေးဖို့ အချိန်ရောက်ပြီ
Opinion.
17 December 2023 – Kachinwaves
တိုင်းရင်းသားပြည်သူတွေ သမိုင်းဝင် မဟာမိတ်ညီညွတ်မှု ရရှိနေတဲ့အချိန် အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံကြီးတွေက စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ထိရောက်တဲ့ကူညီရပ်တည်ပေးမှု မရှိသေးတာကို တွေ့ရပါတယ်။ ပြည်သူတစ်ရပ်လုံးရဲ့ စစ်အာဏာရှင်တော်လှန်ရေး လှုပ်ရှားမှုအရှိန်အားကောင်းလာပေမဲ့ အခုချိန်ထိ ပြည်သူ့တော်လှန်ရေးဘက် ပြတ်ပြတ်သားသား ရပ်တည်မပေးဘဲ မြန်မာနိုင်ငံကို တည်ငြိမ်ငြိမ်းချမ်းစေလိုကြောင်း ပြောဆိုနေခြင်းအပေါ် ပြည်သူတွေက အယုံအကြည်ကင်းမဲ့လာကြပြီ ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံကြီးတွေအနေနဲ့ တိုင်းရင်းသားပြည်သူတွေနဲ့အတူ တည်ငြိမ်ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို မြင်တွေ့ချင်တယ်ဆိုရင် စစ်တပ်ရဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း မလိုက်ဘဲ တော်လှန်ရေးအင်အားစုတွေရဲ့ နိုင်ငံရေးလမ်းပြမြေပုံ အကောင်အထည်ဖော်နိုင်ဖို့ စစ်တပ်ကို ဖိအားပေးရန် အကောင်းဆုံးအချိန် ရောက်နေပြီ ဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေးဟာ စစ်တပ်ရဲ့ ကြိုးကိုင်ခြယ်လှယ်တဲ့ လမ်းကြောင်းကိုပဲ လိုက်နေရလို့ ဖိနှိပ်ခံတိုင်းရင်းသား လူမျိုးတွေရဲ့ လက်နက်ကိုင်တော်လှန်ရေး တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပေါ်ပေါက်လာပါတယ်။ ဒါ့အပြင် အာဏာရှင်စနစ်ကနေ ရုန်းထွက်ချင်တဲ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ အာဏာရှင်တော်လှန်ရေး လူထုလှုပ်ရှားမှုကြီးတွေလည်း ၁၉၈၈ ခုနှစ်မှာတစ်ကြိမ်၊ အခု ၂၀၂၁ နွေဦးတော်လှန်ရေးမှာတစ်ကြိမ် နှစ်ကြိမ်ဖြစ်ခဲ့ပြီ ဖြစ်ပါတယ်။ ၈၈ လူထုတော်လှန်ရေးကို စစ်အာဏာရှင်တွေက ထိန်းချုပ်နိုင်ခဲ့ပြီးနောက်၊ အချက် (၇) ချက်ပါတဲ့ နိုင်ငံရေးလမ်းပြမြေပုံနဲ့ အနိုင်ယူခဲ့ပါတယ်။ အဲဒီလမ်းပြမြေပုံအတိုင်း စစ်အာဏာရှင်တည်မြဲရေးအတွက် အကောင်းဆုံး နိုင်ငံရေးဗုံးခိုကျင်းဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒကို အတည်ပြုခဲ့ပြီး အတိုက်အခံအင်အားစုတွေလည်း မချစ်သော်လည်း အောင့်ကာနမ်း ဖွဲ့စည်းပုံအခြေခံဥပေဒရဲ့ ပေးထားချက် နိုင်ငံရေးဇာတ်ခုံထဲ ဝင်ခဲ့ရပါတယ်။
“၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကို ရက်ရက်စက်စက်ချေမှုန်းပြီး နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်နဲ့ ရွေးကောက် ပွဲလမ်းကြောင်းကို ချပေးခဲ့တာမျိုး၊ ၂၀၀၃ ခုနှစ် ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာတဲ့ယာဉ်တန်းကို တိုက်ခိုက်ပြီး တဖက်မှာ ၂၀၀၄ ခုနှစ် လမ်းပြမြေပုံကို ထွင်ခဲ့တာမျိုး၊ တခါ ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုကို ချေမှုန်းအပြီး ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုခဲ့တာမျိုး စသဖြင့် သတိပြုနိုင်ပါတယ်။”လို့ ISP Myanmar ရဲ့ ကနဦးသုံးသပ်ချက် (အမှတ် – ၁၉) မှာတွေ့ရပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နိုင်ငံရေးအရ ဖိနှိပ်ချုပ်ခြယ်မှုများ ရပ်ဆိုင်းရန် တောင်းဆိုမှု ၂၀၀၇ ခုနှစ်မှာ ပေါ်ပေါက်ခဲ့ပေမဲ့ တရုတ်နှင့် ရုရှားက ဗီတိုအာဏာသုံးပြီး ကန့်ကွက်ခဲ့ဖူးပါတယ်။
အဲဒါကြောင့်ပဲ စစ်အစိုးရက ၎င်းရဲ့နိုင်ငံရေးလမ်းပြမြေပုံ (၇) ချက်အတိုင်း ဆက်လက် အကောင်အထည်ဖော်သွားခဲ့တာက နောက်ဆုံး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောင်ပွဲကျင်းပပြီး ဗိုလ်ချုပ်ကြီးဟောင်းတွေ ဦးဆောင်တဲ့အစိုးရကို ပြုပြင်ပြောင်းလဲရေးလမ်းစလို့ လက်ခံခဲ့ရတဲ့အဖြစ်သို့ ရောက်ခဲ့ရပါတယ်။
လက်ရှိ စစ်ကောင်စီကလည်း ဦးတည်ချက် (၁၂) ရပ်နဲ့ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။ အဆိုပါ ဦးတည်ချက်နဲ့ ရှေ့လုပ်ငန်းစဉ်တွေရဲ့ နိုင်ငံရေးခေါင်းစဉ်အောက်ပါအချက်တွေကိုကြည့်ရင် တိုင်းရင်းသားပြည်သူတွေ လက်မခံသလို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဖျက်သိမ်းကြောင်း ကြေညာပြီးဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဆုံးသတ်မယ့် ဦးတည်ချက်နဲ့ လုပ်ငန်းစဉ်တွေ ဖြစ်နေပါတယ်။ စစ်ကောင်စီရဲ့ နိုင်ငံရေးရှေ့လုပ်ငန်းစဉ် နောက်ဆုံးအချက်နဲ့ ၂၀၀၃ ခုနှစ်မှာ စစ်အစိုးရချပြခဲ့တဲ့ နိုင်ငံရေးလမ်းပြမြေပုံ နောက်ဆုံးအချက်နှစ်ချက်တွေဟာ အဓိပ္ပါယ်နဲ့ အနှစ်သာရအားဖြင့် အတူတူသာ ဖြစ်နေပါတယ်။
စစ်အစိုးရရဲ့ လမ်းပြမြေပုံ ဆဋ္ဌမအဆင့်နဲ့ သတ္တမအဆင့်ဟာ “ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့်အညီ လွှတ်တော်ကိုယ်စားလှယ်များဖြင့် လွှတ်တော်အစည်းအဝေးများ ကျင်းပခြင်း။ လွှတ်တော်မှ ရွေးကောက်တင်မြှောက်သော နိုင်ငံတော်အကြီးအကဲများနှင့် လွှတ်တော်မှ ဖွဲ့စည်းပေးသော အစိုးရအဖွဲ့နှင့် အာဏာပိုင်အဖွဲ့အစည်းများဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ခြင်း။” ဖြစ်ပါတယ်။
အခုစစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် နောက်ဆုံးအချက်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖော်ဆောင်ပေးခဲ့တဲ့ စစ်အစိုးရရဲ့ လမ်းပြမြေပုံနဲ့ ထပ်တူဖြစ်နေတာကို အောက်ပါအတိုင်း တွေ့ရပါတယ်။
“အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် အညီလွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်။”
စစ်ကောင်စီရဲ့ ရည်ရွယ်ချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကနေ “ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ” (USDP) အနိုင်ရပြီး စစ်ဗိုလ်ချုပ်ကြီးဟောင်းတွေ ဦးဆောင်တဲ့ အစိုးရပေါ်ပေါက်လာသလိုမျိုး၊ စစ်တပ်လိုလားတဲ့ပါတီ အနိုင်ရမယ့်ရွေးကောက်ပွဲကို ပြန်လည်ကျင်းပလိုခြင်းသာ ဖြစ်ပါတယ်။
တိုင်းရင်းသားပြည်သူတွေနဲ့ တော်လှန်ရေးအင်းအာစုတွေရဲ့ တူညီတဲ့ဆန္ဒတစ်ခုကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စွန့်ပစ်ပြီး စစ်တပ်ကိုလည်း မြန်မာ့နိုင်ငံရေးဇာတ်မင်းသားအဖြစ် လုံးဝ မမြင်ချင်တော့တာပဲ ဖြစ်ပါတယ်။
ဒီလိုဆိုရင် တော်လှန်ရေးအင်းအားစုတွေဘက်က နိုင်ငံရေးလမ်းပြမြေပုံက ဘယ်မှာလဲ မေးစရာပေါ်လာပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁)၊ အခန်း (၁) ပါ ဦးတည်ချက်၊ ရည်ရွယ်ချက်တွေနဲ့ အခန်း (၃) “အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ် (သို့မဟုတ်) နိုင်ငံရေးလမ်းပြမြေပုံ” တွေဟာ လက်ရှိတော်လှန်ရေး အင်းအားစုတွေအတွက် လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အခြခံနိုင်ငံရေး လမ်းပြမြေပုံ ဖြစ်ပါတယ်။
“ပဋိညာဉ်သည် အမြဲတမ်းဖွဲ့စည်းပုံအခြေခံဥပဒေ မဆိုထားနှင့် ပြည့်စုံသောကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုပင် မဟုတ်ပါ။ သို့သော် ပဋိညာဉ်သည် နွေဦးတော်လှန်ရေး မည်ကဲ့သို့ ရှေ့ဆက်မည်နှင့်/သို့မဟုတ် မည်သို့သော မြန်မာနိုင်ငံပြည်ထောင်စု (သို့) နိုင်ငံတော်ကို တည်ထောင်သွားမည်ဆိုသည့်အပေါ် စိတ်ဝင်စားပါဝင်ပတ်သက်နေသည့် မတူညီသော နိုင်ငံရေးအုပ်စုများအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။”လို့ IDEA ကနေ ဆန်းစစ်လေ့လာထားတဲ့ “မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် – ဆန်းစစ်လေ့လာချက်နှင့် အလားအလာများ” စာတန်းမှာ တွေ့ရပါတယ်။
ပဋိညာဉ် အစိတ်အပိုင်း (၁)၊ အခန်း (၁) ပါ ဦးတည်ချက်၊ ရည်ရွယ်ချက်တွေထဲမှာ “စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပပျောက်ရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးသတ် ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေး၊ အရပ်သားပြည်သူ့အစိုးရ ပေါ်ပေါက်ရေး” စတဲ့အချက်တွေပါရှိပါတယ်။
ဒါ့အပြင် အချက်ဆယ့်နှစ်ချက်ပါ အခန်း (၃)၊ နိုင်ငံရေးလမ်းပြမြေပုံရဲ့ နောက်ဆုံးအချက်မှာ “အတည်ပြုပြဌာန်းလိုက်သည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်များကို ဖွဲ့စည်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေစနစ် (Constitutionalism) အရ လိုက်နာကျင့်သုံးခြင်း”လို့ပါရှိပါတယ်။
ပဋိညာဉ် အစိတ်အပိုင်း (၁) နိဒါန်းရဲ့ ပထမ စာကြောင်းမှာ “သမိုင်းစဉ်ဆက် သီးခြားလွတ်လပ်စွာနေထိုင်ခဲ့ကြသော တိုင်းရင်းသားလူမျိုးများသည် လွတ်လပ်ရေးကို အတူတကွရယူပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ပူးပေါင်းထူထောင်ရန်ကြိုးပမ်းခဲ့ကြသည်။”လို့ ပါရှိပါတယ်။
ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နိဒါန်းရဲ့ ဒုတိယစာကြောင်းမှာတော့ “ကျွန်ုပ်တို့ တိုင်းရင်းသား ပြည်သူအပေါင်းတို့သည် စည်းလုံးညီညွတ်စွာ တစ်သားတည်းနေထိုင်လာခဲ့ကြပြီး အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ် ထူထောင်ကာ ထည်ဝါစွာ ရပ်တည်ခဲ့ကြပေသည်။”လို့ ပြဌာန်းထားပါတယ်။
အထက်ပါ ကွဲလွဲမှုကို နှိုင်းယှဉ်ကြည့်ရင် အရင်က ဗမာတိုင်းရင်းသား နိုင်ငံရေးအင်အားစုတွေ တရားဝင် ပြတ်ပြတ်သားသား ဖော်ပြခဲ့ခြင်းမရှိခဲ့ဘဲ ပဋိပက္ခဖြစ်နေတဲ့ သမိုင်းဆိုင်ရာအကောက်အယူကို ပဋိညာဉ်က တိုင်းရင်းသားအင်အားစုတွေ လက်ခံထားတဲ့ သမိုင်းခံယူမှုကို တရားဝင်အသိအမှတ်ပြုလိုက်ခြင်း ဖြစ်ပါတယ်။
လက်ရှိ တော်လှန်ရေးဟာ မြန်မာနိုင်ငံရဲ့ အာဏာရှင်စနစ်ကို အဆုံးသတ်ဖို့ ဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဌ ဖဒိုစောကွယ်ထူးဝင်း တို့ကလည်း အများသိ ထုတ်ဖော်ပြောဆိုပြီး ဖြစ်ပါတယ်။
စစ်ကောင်စီကို မြန်မာပြည်သူအားလုံးက ခုခံတော်လှန်နေကြပြီး၊ လူဦးရေပိုများတဲ့ ဗမာပြည်သူတွေကိုယ်တိုင် လက်နက်ကိုင်အဖွဲ့အစည်းများ ဖွဲ့စည်းပြီး မရပ်မနား တော်လှန်တိုက်ပွဲဝင်နေကြပြီဖြစ်သလို KIO ကလည်း စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေကြတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလက်တွဲ တော်လှန်နေကြောင်း ဗိုလ်ချုပ်ကြီး အင်ဘန်ဘက ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့မှာကျရောက်တဲ့ ကချင့်အာဇာနည်နေ့မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
KNU ဥက္ကဌ ဖဒိုစောကွယ်ထူးဝင်း ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ပြည်သူလူထုကို ပြောကြားခဲ့တဲ့ သတင်းစကားမှာလည်း အခုလိုပါရှိပါတယ်။
“စစ်တပ်က လက်နက်ကြီးတွေ၊ လေယာဉ်တွေကိုအသုံးပြုပြီး လူထုကိုကြောက်အောင် အင်အားအလွန်အကျွံသုံးပြီး တိုက်ခိုက်တာတွေ၊ ကျနော်တို့က သူတို့ကို မတိုက်နိုင်ပါဘူး ဒါမှမဟုတ် ဖျက်ဆီးလို့ မရပါဘူးဆိုပြီး ထင်မြင်လာအောင် လုပ်ဆောင်လာကြတယ်။ ဒီအတွက်ကြောင့် တော်လှန်ရေး အင်အားစုတွေ၊ တိုင်းရင်းသားတွေအနေနဲ့က ခိုင်မာတဲ့ဆုံးဖြတ်ချက်၊ ပြည့်ဝတဲ့ခံယူချက်တွေနဲ့ ဒီခေတ်ဒီကာလမှာ စစ်အာဏာရှင်ရဲ့ သက်ဆိုးရှည်မှုကို အဆုံးသတ်ဖို့ ဖြစ်တယ်။” ကျနော်တို့ခေတ်မှာ အဆုံးမသတ်ရင် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးရဲ့ အနာဂတ် ဘဝရပ်တည်ရေးအတွက် အာမခံချက်ရှိတော့မှာ မဟုတ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
စစ်တပ်အလိုကျရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်တပ်မပြင်လိုသရွေ့ ပြင်လို့မရတဲ့ ဥပဒေဖြစ်ပေမဲ့ ရွေးကောက်ပွဲတွေမှာ စစ်တပ်အလိုကျ နိုင်ငံရေးပါတီတွေ အစိုးရဖွဲ့နိုင်ဖို့ အလားအလာ မရေရာလာတဲ့အခါ စစ်တပ်ဟာ နိုင်ငံရေးလောဘကြီးစွာနဲ့ အာဏာသိမ်းမှု ပြန်လုပ်ခဲ့ပါတယ်။
၂၀၂၁ အာဏာသိမ်းမှုမှာ စစ်တပ်က သူမျှော်လင့်ထားတာထက် ဆန့်ကျင်အန်တုမှုတွေ ပိုမိုပြင်းထန်စွာကြုံတွေ့နေရပြီး တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ နည်းမျိုးစုံ တော်လှန်ဆန့်ကျင်မှုတွေကြောင့် ကျရှုံးနေရတာကို ဖုံးကွယ်လို့မရအောင် အကျပ်အတည်းဆိုက်လို့ ဂယ်ပေါက်ကင်းမဲ့လာရတာ ဖြစ်ပါတယ်။
ဒါပေမဲ့ စစ်ခေါင်းဆောင်တွေဟာ “ကမ္ဘာမီးလောင် သားကောင်ချနင်း” ဆိုတဲ့စကားပုံလို သူတို့ရဲ့အကျိုးစီးပွားနဲ့ နေရာတွေ လက်လွှတ်ဆုံးရှုံးမခံဖို့ ဘာမဆိုလုပ်မယ့် ခေါင်းဆောင်တွေဆိုတာ ဖိနှိပ်ခံပြည်သူတွေက ဘဝအတွေ့အကြုံအရ နားလည်လာရတာ ဖြစ်ပါတယ်။
အဲဒါကြောင့် နိုင်ငံရေးကို တွေ့ဆုံဆွေးနွေးမှုအရ အဖြေရှာရေးလို့ပြောတဲ့အခါ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ စစ်ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးလမ်းပြမြေပုံကို အလေးထားစဉ်းစားခြင်း (သို့မဟုတ်) စစ်တပ်ခေါင်းဆောင်တွေကို ငဲ့ညှာတဲ့ ချဉ်းကပ်မှုတွေနဲ့စဉ်းစားမှုတွေဟာ တိုင်းရင်းသားပြည်သူတွေကို စစ်အာဏာရှင်ဘဝသို့ ထပ်မံတွန်းပို့တဲ့ လုပ်ရပ်မျိုးသာ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် အိမ်နီးချင်းနဲ့ ဒီမိုကရေစီနိုင်ငံတွေအနေနဲ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး သမိုင်းဝင်ဆင်နွှဲနေတဲ့ တော်လှန်ရေးကို ပြတ်ပြတ်သားသား ထောက်ခံကူညီပေးဖို့ အကောင်းဆုံးအချိန်ရောက်နေပြီ ဖြစ်ပါတယ်။