တရုတ်အကူအညီဖြင့် မြောက်ပိုင်း(၃)ဖွဲ့ နှင့် တွေ့ဆုံမှုကို စစ်ခေါင်းဆောင် အမြတ်ထုတ်
Opinion
11 December 2023 – Kachinwaves
တရုတ်အစိုးရ၏ အကူအညီဖြင့် မြောက်ပိုင်းညီနောင်မဟာမိတ် (၃)ဖွဲ့ စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ယနေ့သတင်း ထွက်ပေါ်လာသည်။ ယင်းတွေ့ဆုံမှုကြောင့် မည်သည့်နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်ပေါ်လာမည်ကို မသိရှိရသေးသော်လည်း စစ်ခေါင်းဆောင်သည် ၎င်း၏ အကျိုးအမြတ်အတွက် အမိအရ အမြတ်ထုတ်ခဲ့သည်ကို သတင်းဖော်ပြချက်များအရ သုံးသပ်တွေ့မြင်နိုင်သည်။
စစ်ကောင်စီနှင့် တရုတ်အစိုးရဘက်က ယနေ့ သတင်းထုတ်ပြန်လာသည့် မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့ AA၊ TNLA၊ MNDAA နှင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ကော်မတီဖြစ်သည့် “မြန်မာနိုင်ငံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ” တို့၏ တွေ့ဆုံမှုသတင်းတွင် ပြုလုပ်ခဲ့သော နေရာနှင့် နေ့ရက်မပါသော်လည်း အချို့လူမှုကွန်ရက်သတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့၌ တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့သည် ယခုနှစ် ဇွန်လ ပထမအပတ်တွင်လည်း တရုတ်အစိုးရ၏ အကူအညီဖြင့် ရှမ်းပြည်နယ် အထူးဒေသ – ၄ မိုင်းလားမြို့မှာ တွေ့ဆုံမှုရှိခဲ့သော်လည်း နောက်ထပ်တွေ့ဆုံမှုမရှိခဲ့ဘဲ ၁၀၂၇ စစ်ဆင်ရေး ဖြစ်ပေါ်လာခြင်းဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့များနှင့် တပ်စခန်းများကို ဆက်တိုက် လက်လွတ်ဆုံးရှုံးနေသည့် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်အစိုးရ၏ အကူအညီဖြင့် မြောက်ပိုင်းညီနောင်မဟာမိတ် (၃)ဖွဲ့ နှင့် ၎င်း၏ ငြိမ်းချမ်းရေး ကော်မတီတို့ တွေ့ဆုံမှုပြုလုပ်မည့် ရှေ့တစ်ရက်ဖြစ်သော ဒီဇင်ဘာ ၁၀ ရက်နေ့တွင် လားရှို့မြို့သို့ သွားရောက်ခဲ့သည်။ စစ်ခေါင်းဆောင်သည် လားရှိုးခရီးစဉ်အတွင်း နယ်မြေခံတပ်ဆေးရုံ၌ ဆေးရုံတက်နေသည့် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကို “တစ်ဦးချင်းရင်းနှီးနွေးထွေးစွာ အားပေးစကားပြောကြား”ခဲ့ကြောင်း စစ်ကောင်စီပိုင် မီဒီယာများက ဖော်ပြထားသည်။ ထို့အပြင် စစ်ရှောင်ပြည်သူများနှင့်လည်း တွေ့ဆုံပြီး နယ်မြေတည်ငြိမ်မှုရအောင် အမြန်ဆုံးလုပ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည့် သတင်းကိုလည်း တွေ့ရသည်။
“သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ၎င်းတို့၏ နေရပ်များတွင် အမြန်ဆုံး ပြန်လည်နေထိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသ များသို့ ပြန်လည်ရောက်ရှိချိန်တွင်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊” စစ်ခေါင်းဆောင်ပြောခဲ့သည့်စကားကို စစ်ကောင်စီပိုင် မီဒီယာက ဖော်ပြထားသည်။
ယနေ့ သတင်းထွက်ပေါ်လာသည့် စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင် (၃) ဖွဲ့၏ တွေ့ဆုံမှုသည် နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန် ဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဆိုသည်။ ထို့အပြင် ယခုဆွေးနွေးပွဲတိုးတက်မှုအပေါ် မူတည်ပြီး ဒီဇင်ဘာလကုန်ခန့်တွင် ထပ်မံတွေ့ဆုံသွားရန်ရှိကြောင်း ၎င်းက ဆိုထားသည်။
၁၀၂၇ စစ်ဆင်ရေး၏ ရည်ရွယ်ချက်ထဲ “မိမိတို့ဒေသကို မိမိတို့ ယခုထက်ပိုမိုထိန်းချုပ်နိုင်ရေး” အချက်တစ်ချက်ပါရှိသည်။ MNDAA (ကိုးကန့်အဖွဲ့)က ၎င်း၏ ရည်ရွယ်ချက်တစ်ခုဖြစ်သည့် လောက်ကိုင်ဒေသကို ပြန်လည်ထိန်းချုပ်နိုင်ရေး ရည်ရွယ်ချက်မပြည့်သေးမီ စစ်ဆင်ရေးကို အလွယ်တကူ ရပ်တန့်သွားမည်ဟု မထင်ပေ။ နိုင်ငံကြီးတစ်နိုင်ငံဖြစ်သည့် တရုတ်အစိုးရ၏ ကြားဝင်ဆောင်ရွက်မှုကို ငြင်းဆန်ရန် ခက်ခဲကြသော်လည်း တရုတ်ပြောသမျှနုရသည်ဟု အထင်ခံသွားစေမည့် လုပ်ရပ်မျိုးကိုလည်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များက ရှောင်ရှားကြမည်ထင်ပါသည်။
အဆိုပါ တရုတ်၏ကူညီမှုဖြင့် နိုင်ငံရေးအရ တွေ့ဆုံသည်ဟု စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားသည့် တွေ့ဆုံမှုအပေါ် သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့များက တုန့်ပြန်ထားသည့် အချက်ကို မတွေ့ရေသေးပေ။ ၎င်းတွေ့ဆုံမှု၏ ဂယက်မည်သို့ ဖြစ်ပေါ်လာမည်ကို မသိရသေးသော်လည်း စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တိုက်ပွဲများ ပြင်းထန်နေသည့် ရှမ်းမြောက်က လားရှိုးမြို့ကိုသွားရောက်ပြီး ၎င်း၏ စည်းရုံးရေး ခရီးစဉ်အဖြစ် အမြတ်ထုတ် အသုံးချလိုက်ပြီ ဖြစ်သည်။