စစ်ကောင်စီသင်္ဘောတွင် အချုပ်သားများနှင့် ဖမ်းဆီးခံရသည့် အရပ်သားများ ပါဝင်သည်ဟုဆို
16 August 2023- Kachinwaves
စစ်ကောင်စီတပ်က ၎င်းတို့ ဖမ်းဆီးထားသည့် အရပ်သားများနှင့် အချုပ်သားများ အပါအဝင် ပြည်သူ ၅၀ ဝန်းကျင်ကို ရွှေကူမြို့မှ ဗန်းမော်မြို့သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီ သင်္ဘောများဖြင့် ခေါ်ဆောင်သွားကြောင်း သိရသည်။
သင်္ဘောပေါ် ခေါ်ဆောင်သွားခံရသူများတွင် အကြောင်းအမျိုးမျိုးကြောင့် အချုပ်ကျနေသူများအပြင် ပြီးခဲ့ သည့် ဩဂုတ်လ ၈ ရက်နေ့က ရွှေကူလေး၊ ရွှေဘုံသာနှင့် ငါးဘတ်ဝကျေးရွာများမှ ဖမ်းဆီးခံရသည့် အရပ် သားများကို လက်ပြန်ကြိုးတုပ်ပြီး သင်္ဘောပေါ်သို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ရွှေကူဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“အချုပ်သားတွေ ပါသွားတယ်။ ကျွန်မမောင်ရဲ့ သူငယ်ချင်းတစ်ယောက်လည်း ပါသွားလို့။ ဒီနေ့င်္ဘောနဲ့ ပါသွားတာ။ နိုင်ငံရေးရော၊ တခြားအမှုနဲ့ ဖမ်းမိတဲ့သူတွေရော၊ အားလုံးပေါင်း အယောက် ငါးဆယ်လောက် ရှိမယ်၊ ပါသွားတာ”ဟု ပြောသည်။
အချုပ်ကျနေသူများကို ဗန်းမော်ထောင်သို့ ခေါ်ဆောင်သွားမည်ဟု ကြားသိရကြောင်းနှင့် အရပ်သားများကိုမူ စစ်ကောင်စီတပ်ဖွဲ့ဝင်များအဖြစ် အသုံးပြုမည်ဟု ယူဆရကြောင်း မြို့လှ KPDF တပ်ဖွဲ့ဝင်တစ်ဦးက သုံးသပ် ပြောဆိုသည်။
“ယောကျ်ားလေးတွေက စစ်သားလုပ်ခိုင်းမယ်လို့ ကြားထားတာ။ စစ်တပ်ထဲထည့်မှာ သေချာသလောက်ပဲ။ အင်အားသိပ်မရှိဘူး သူတို့မှာက။ ဘယ်တပ်ရယ်လို့တော့ မရှိဘူးပေါ့။ အားလုံးစုထားတယ်လို့ ကြားမိတယ်။” ဟု ပြောသည်။
အချုပ်သားနှင့် ပြည်သူများကို တင်ဆောင်လာသည့် ယင်းစစ်ကောင်စီသင်္ဘောများသည် ယနေ့နံနက် ၉ နာရီ ဝန်းကျင်က ရွှေကူဆိပ်ကမ်းမှ ဗန်းမော်မြို့သို့ ဆန်တက်သွားပြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သွားကြောင်း သိရသည်။
စစ်ကောင်စီသင်္ဘောများ ထွက်ခွာပြီးနောက် မြို့လှ KPDF တပ်ဖွဲ့က ရွှေကူမြို့မ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။