စစ်ကောင်စီသင်္ဘော လုံခြုံရေးတပ်ဖွဲ့များနှင့် KIA၊ KPDF တို့တိုက်ပွဲဖြစ်၊ ရွှေကူရဲစခန်း ဗုံးကြဲခံရ၍ နယ်ထိန်းရဲနှစ်ဦး ဒဏ်ရာရ
16 August 2023 – Kachinwaves
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် နောင်မိုကျေးရွာနှင့် ဝဲမကျေးရွာအကြားတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA)၊ KPDF ပူးပေါင်းတပ်ဖွဲ့တို့ ယနေ့နံနက် ၁၁ နာရီဝန်းကျင်ကစပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
ရွှေကူမြို့မှ ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘောများကို လုံခြုံရေးယူရန် စင်းခန်း ကျေးရွာမှ ထွက်ခွာလာသည့် အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းနှင့် ရွှေကူ KPDF ပူးပေါင်း တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ရွှေကူ KPDF တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“သင်္ဘောက ထွက်သွားပြီးတော့ နောင်မိုနားမှာ မြို့လှ KPDF တပ်ဖွဲ့က ဒရုန်းနဲ့ပစ်တာ။ ဒရုန်းနဲ့ပစ်တာ ပစ်တဲ့ ဟာ ငါးလုံးမှာ သုံးလုံးက သွားထိတယ်။ သင်္ဘောတွေက နောင်မိုရွာနားမှာ ခဏရပ်တဲ့အချိန်မှာ စင်းခန်းရွာ ဘက်ကနေကူဖို့ ဆင်းလာတဲ့စစ်ကြောင်းကို ရွှေကူ PDF ကနေ ကြားဖြတ်တိုက်တဲ့အခါ တိုက်ပွဲဖြစ်တာ။”ဟု ပြောသည်။
တိုက်ပွဲမှာ (သတင်းမေးမြန်းသည့်) အချိန်ထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး နောက်ဆက်တွဲ အခြေအနေ ကို မသိရှိရသေးကြောင်း သူကဆိုသည်။
စစ်ကောင်စီသင်္ဘောများအပြင် ရွှေကူမြို့ ရဲစခန်းကိုလည်း မြို့လှ KPDF တပ်ဖွဲ့က ယနေ့နံနက် ၁၀ နာရီ ဝန်းကျင်က ဒရုန်းဖြင့် ဗုံးလေးလုံးကြဲချခဲ့သည့်အတွက် နယ်ထိန်းအဆင့်ရဲတပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ ကြောင်းလည်း ပြောသည်။
ဗုံးကြဲချပြီးနောက် ရွှေကူရဲစခန်းမှ လက်နက်ငယ် ပစ်ခတ်သံများထွက်ပေါ်ခဲ့ပြီး ရဲစခန်းအနီးပတ်ဝန်းကျင် ကို ဖြတ်သန်းခွင့် ပိတ်ပင်လိုက်သည်ဟု ရွှေကူဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“အိမ်က သမီးကမြို့ထဲသွားတာလေ။ ရဲစခန်းနားရောက်တော့ သေနတ်သံတွေကြားတာတဲ့။ အဲ့တာပြီးတော့ ရဲစခန်းအရှေ့ဂိတ်တွေရော၊ အနောက်ဂိတ်တွေရော ပိတ်သွားတာတဲ့။”ဟု ပြောသည်။
စစ်ကောင်စီသင်္ဘောများ ယနေ့နံနက်က ရွှေကူဆိပ်ကမ်းမှ ဗန်းေမာ်ဘက်သို့ ထွက်ခွာပြီးနောက် တိုက်ပွဲနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဖြစ်ပွားခြင်းဖြစ်ပြီး အဆိုပါသင်္ဘောများတွင် လိုက်ပါလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ၎င်းတို့ဆန်တက်သွားသည့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်သွားကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်နေ့ကလည်း ရွှေကူမြို့အထက် မီးသွေးချောင်ကျေးရွာအနီးတွင် သင်္ဘောများကို လုံခြုံရေးယူသည့် စစ်ကောင်စီစစ်ကြောင်းနှင့် KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။