ဖားကန့်မြို့နယ် စစ်ကိုင်းတိုင်းအစပ် နေရာ ၃ နေရာရှိ စစ်ကောင်စီတပ်စခန်းများကို KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့တို့ သွားရောက်တိုက်ခိုက်
11 August 2023 – Kachinwaves
ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးရှိ စစ်ကောင်စီနှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ပူးပေါင်းတပ်ဖွဲ့တို့ တပ်စွဲထားသည့် နေရာသုံးခုကို ကချင်လွတ်မြောက်ရေးတပ် (KIA)၊ KPDF ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်၍ တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။
တိုက်ပွဲမှာ ယမန်နေ့ညနေ ၅ နာရီမှ ယခုလက်ရှိချိန်ထိ ဖြစ်ပွားနေခြင်းဖြစ်ပြီး ပင်ချယ်စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော်လည်း နန့်ကသာကျေးရွာနှင့် သံယောဇဉ်ကုန်းတို့တွင် တိုက်ပွဲဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း KIA နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“သုံးနေရာဖြစ်နေတာ။ ဆယ်ဇင်းအနီးက ငြိမ်သွားပြီ။ နှစ်နေရာက ဆယ်ဇင်းနဲ့ဝေးတယ်။ နန့်ကသာကတော့ အတွင်းဘက်ကျတယ်။ အတွင်းဘက်မှာ ဖြစ်နေတုန်း”ဟု ပြောသည်။
တိုက်ပွဲဖြစ်ပွားနေသည့်နေရာများသည် ဆယ်ဇင်းကျေးရွာနှင့် ဥရုချောင်းခြားထားသည့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းတွင် တည်ရှိပြီး ဆယ်ဇင်းကျေးရွာတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်စခန်းမှ တိုက်ပွဲဖြစ်ပွားနေသည့် နေရာများသို့ လက်နက်ကြီးဖြင့် ပစ်ကူနေကြောင်း သိရသည်။
တိုက်ပွဲတွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်ဖွဲ့ဝင် လေးဆယ်ဦးထက် မနည်းသေဆုံးသည်ဟု သိရှိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
ယခုလက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့်နေရာသို့ ရေပေါ်မီးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းမှ စစ်အင်အားဖြည့်တင်းရန် စစ်ကြောင်းထိုးလာကြောင်းနှင့် စစ်ရေးအခြေအနေ ဆက်လက်တင်းမာနိုင်ကြောင်း သိရသည်။