စစ်ကောင်စီသည် ကျဉ်းထဲကြပ်ထဲ အခက်တွေ့နေပြီဖြစ်၍ ကျဆုံးတော့မည်ဟု KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ပြော
10 August 2023 – Kachinwaves
စစ်ကောင်စီသည် တနေ့ထက်တနေ့ ကျဆုံးနေပြီဖြစ်ပြီး တော်လှန်ရေးအဖွဲ့များ၏ မျှော်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိနိုင်တော့မည်ဖြစ်ကြောင်း ယနေ့ကျရောက်သည့် ကချင်အာဇာနည်နေ့ မိန့်ခွန်း၌ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားလိုက်သည်။
စစ်ကောင်စီကို မြန်မာပြည်သူအားလုံးက ခုခံတော်လှန်နေကြပြီး လူဦးရေပိုများသော ဗမာပြည်သူများ ကိုယ်တိုင် လက်နက်ကိုင်အဖွဲ့အစည်းများ ဖွဲ့စည်းကာ မရပ်မနား တော်လှန်တိုက်ပွဲဝင်နေကြပြီဖြစ်သလို KIO ကလည်း စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေကြသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းလက်တွဲ၍ တော်လှန်နေကြောင်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားပါသည်။
လက်ရှိဖြစ်ပွားနေသည့် ပြည်တွင်းစစ်သည် စစ်ကောင်စီနှင့် ပြည်သူများကြား ဖြစ်ပွားနေသည့် စစ်ပွဲဖြစ်ပြီး စစ်ကောင်စီက ပြည်သူဘက်ကို စစ်မျက်နှာဖွင့်ကာ လက်နက်မဲ့ အရပ်သားပြည်သူ အမျိုးသမီး၊ ကလေး သူငယ်များကို ပါမကျန် နှိပ်စက်၊ သတ်ဖြတ်ချေမှုန်း၊ ဖျက်ဆီးနေကြကာ စစ်ရာဇဝတ်မှု (War Crime) ကို ပေါ်ပေါ်တင်တင် ကျူးလွန်နေကြကြောင်းလည်း မိန့်ခွန်း၌ ပါရှိသည်။
စစ်ကောင်စီသည် ယခုလို ကျဉ်းထဲကြပ်ထဲရောက်နေပြီး အခက်တွေ့ကာ ကျဆုံးလာနေစဉ် အဖွဲ့အစည်း အချို့နှင့် လူပုဂ္ဂိုလ်အချို့တို့၏ စစ်ကောင်စီကို ထောက်ခံအားပေးသည့် လှုပ်ရှားမှုများကြောင့် ထွက်ပေါက် ရကာ ပြန်လည်နလန်ထူသွားနိုင်သည့် အခြေအနေ ဖြစ်လာနိုင်သည်ကိုလည်း နှိုးကြားသတိထားနေရမည် ဖြစ်ကြောင်း KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ ကချင်အာဇာနည်နေ့ မိန့်ခွန်း၌ ပါရှိသည်။
သို့ဖြစ်၍ စစ်ကောင်စီသည် တနေ့ထက်တနေ့ ကျဆုံးလာနေပြီဖြစ်ပြီး ပြည်သူများနှင့် KIO/KIA အမှုထမ်းများက KIO ချမှတ်သည့် နိုင်ငံရေးလမ်းစဉ်ကို ယုံကြည်မှုရှိရှိဖြင့် ဆက်လက်ကြိုးစား ဆောင်ရွက်သွားကြရန် KIO ဥက္ကဌက တိုက်တွန်းပြောကြား လိုက်ပါသည်။