အင်းတော်ကြီးဒေသ ချောင်းဝ စစ်ကောင်စီလက်အောက် ပြည်သူ့စစ်စခန်းကို ကေအိုင်အေနှင့် PDF တို့ မီးရှို့ဖျက်ဆီး
28 April 2022-Kachinwaves
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးဒေသရှိ ချောင်းဝ စစ်ကောင်စီလက်အောက် ပြည်သူ့စစ်စခန်းကို ယနေ့နံနက် ၃ နာရီခွဲခန့်တွင် ကေအိုင်အေ၊PDF ပူးပေါင်းတပ်တို့ သွားရောက်တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးပေးလိုက်ကြောင်း ကေအိုင်အို သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးဦးနော်ဘူက ပြောသည်။
ပြည်သူ့စစ်စခန်းမီးရှို့ခံရပြီးနောက် ဖားကန့် ကံဆီးစစ်ကောင်စီဗျူဟာက ကေအိုင်အေ တပ်မဟာ ၉ နှင့် တပ်ရင်း ၆ ဘက်ကို လက်နက်ကြီး ပစ်ခတ်ခဲ့ကြောင်းလည်း ဆိုသည်။
“ကျွန်တော်တို့ဘက်က လူတွေသွားတဲ့အချိန် အားလုံးထွက်ပြေးသွားကြတယ်လို့ ကြားတယ်။ ထွက်ပြေးသွားတဲ့နောက်မှ အိမ်တွေကို မီးရှို့ပေးလိုက်ကြတယ်လို့ ကြားတယ်”ဟု ဗိုလ်မှူးကြီးဦးနော်ဘူက ပြောသည်။
ယနေ့နံနက် လာတိုက်သည့်အချိန် လက်နက်ကြီးများ ပစ်ခတ်သံကြားရပြီး ပြည်သူ့စစ်အဖွဲ့များက နောက်ဆုတ်သွားသည့်အတွက် အထိအခိုက် အကျအဆုံးများ မရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ကျွန်တော် မနေ့ညနေ ချောင်းဝဘက်သွားတော့ အဲ့ဂိတ်ကနေ ဖြတ်ရတယ်။ အဲ့စခန်းမှာ သူတို့တွေကို မတွေ့တော့ဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။
ယခုပြည်သူ့စစ်စခန်းတွင် ပုံမှန်ဆိုလျှင် အင်အား ၂၀ ဝန်းကျင်ရှိသည့် တပ်စခန်းတစ်ခုဖြစ်ကြောင်းလည်း ဆိုသည်။
ချောင်းဝ စစ်ကောင်စီစခန်းကို မီးရှို့ သိမ်းပိုက်နိုင်ခဲ့ကြောင်း အင်းတော်ကြီး ပြည်သူ့ကာကွယ်ရေးတပ်မှ ယနေ့ ထုတ်ပြန်ထားသည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၆ရက်နေ့တွင် အင်းတော်ကြီးဒေသ မိုင်းနောင်နှင့် မမုန်ကိုင်ကျေးရွာ ၂ခုကြားတွင် စစ်ကောင်စီယာဥ်တန်းကို ကေအိုင်အေတပ်နှင့် PDF တို့ပူးပေါင်းကာ မိုင်းခွဲတိုက်ခိုက်ခဲ့သည်။