နမ်ကျင်းမှ ဦးခေါင်းမပါသေဆုံးနေသည့်အလောင်းသည် လူပျောက်နေပြီးတစ်လကျော်မှ တွေ့ရခြင်းဖြစ်
မြစ်ကြီးနားမြို့နယ် နမ်ကျင်းကျေးရွာအထက်၊ တိုင်ယူးယန် လမ်းမဘေးတွင် အသတ်ခံထားရသည့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး၏အလောင်းကို တစ်လကျော်အကြာမှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းအမှုကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ပလန အမှတ်(၃)ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဦးသန်းဝင်းက ပြောသည်။
ဦးခေါင်းမပါသေဆုံးနေသည့် အမျိုးသမီးတစ်ဦးနှင့်ဦးခေါင်းတွင် ဓားခုတ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းကို ထင်းခုတ်သွားသူနှစ်ဦးက ယခုလ ၂၁ ရက်နေ့တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။
သေဆုံးသူ၏မိခင်ပြောကြားချက်အရ သေဆုံးသူ မမေမြတ်ထက်(၂၈)နှစ်သည် ဒီဇင်ဘာလ (၉)ရက်နေ့ နေ့လည်ပိုင်းတွင် ကားပစ္စည်းသွားပို့ရန်အတွက် အိမ်နီးချင်း မောင်မင်းမင်းသူ(၂၇)နှစ်ကိုခေါ်၍ ထွက်သွားခဲ့ခြင်းဖြစ်ကြောင်း ရဲအုပ်ဦးသန်းဝင်းကဆိုသည်။
သေဆုံးသူနှစ်ဦးသည် မြစ်ကြီးနားမြို့ ရွက်လှမြိုင် မြို့သစ်ကြီးရပ်ကွက်တွင် နေထိုင်သူများဖြစ်ကြပြီး ၎င်းတို့နှစ်ဦးအား သေဆုံးပြီးတစ်လကျော်အကြာမှသာ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမိဘများကလည်း ၎င်းတို့နှစ်ဦးအား လူပျောက်တိုင်ကြားခြင်းလည်းမရှိခဲ့ကြောင်း ရဲအုပ်ဦးသန်းဝင်းကပြောသည်။
ဆက်စပ်သတင်း https://kachinwaves.com/archives/1979