မတန်ဘောင်ခေါင်နန်စင်နှင့် မမရန်လုရာတို့ သတ်ဖြတ်ခံရမှု ၆နှစ်ပြည့်ကျင်းပ
စေတနာ့ဝန်ထမ်းကျောင်းဆရာမနှစ်ဦးဖြစ်သည့် မတန်ဘောင်ခေါင်နန်စင်နှင့် မမရန်လုရာတို့ အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှု (၆)နှစ်ပြည့်သတိရအောက်မေ့ဆုတောင်းခြင်းအစီအစဉ်ကို မြစ်ကြီးနားမြို့ရှိ စီတာပူမနောဥယျာဉ်တွင် အရပ်ဘက်အဖွဲ့အစည်းအချို့က ယနေ့ကျင်းပခဲ့သည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသူအမျိုးသမီးများ စစ်ပွဲကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံရခြင်းများရှိနေပြီး အဓမ္မပြုကျင့်ခံရသည်မှာ အဆိုးဆုံးဖြစ်၍ တိုင်းရင်းသူများ၏လုံခြုံရေးကို စိုးရိမ်ကြောင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများအတွက် တစ်ခုမှတရားမျှတမှုမရှိသေးကြောင်း Htoi Gender and Development Foundation ၏ ဒါရိုက်တာ ဒေါ်နန်ပူက ပြောသည်။ “ကျွန်မတို့ မြန်မာနိုင်ငံ မြန်မာ့တပ်မတော်ကတော့ UNမှာ စစ်မြေပြင်မှာ အမျိုးသမီးတွေကို လိင်ပိုင်ဆိုင်းရာအကြမ်းဖက်မှု ကျူးလွန်သူအဖြစ်နဲ့ UNမှာ အမည်စာရင်းပါနေတယ်။ အဲ့အမည်စာရင်းမပါအောင် ကြိုးစားပါ့မယ်ဆိုပြီးမှ ကတိယူထားတာလည်း သိရပါတယ်။ ဒီအရာဟာ ကျွန်မတို့အတွက် အင်မတန်မှ ဝမ်းသာဖွယ်ရာ ကြိုဆိုဖွယ်ရာ ဖြစ်ပါတယ်။ အဲ့ခါကျတော့ ကျွန်မတို့ နိုင်ငံမှာ ဒီလိုအခြေအနေတွေ ဖြစ်ခဲ့တာကို ဒီ UNမှာတောင်မှ ကတိပေးခဲ့ပြီဆိုတဲ့အခါမှာ ဒီလိုဖြစ်ခဲ့တဲ့အခြေအနေကို ကျွန်မတို့အတွက် အမျိုးသမီးထု အတွက်ဖြစ်ခဲ့တဲ့၊ မှားယွင်းခဲ့တဲ့၊ ကျူးလွန်ခဲ့တဲ့ အရာတွေကို အမှုမှန်ပေါ်အောင် လုပ်ဆောင်ပေးဖို့ရန်အတွက်လည်း ကျွန်မတို့တောင်းဆိုချင်ပါတယ်”ဟု ဒေါ်နန်ပူက ပြောသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၏အရှေ့ဘက်မိုင်(၂၀)ခန့်အကွာတွင်ရှိသော ကောင်းခါကျေးရွာသို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချူပ်(KBC)မှ စေလွတ်သော စေတနာ့ဝန်ထမ်းကျောင်းဆရာမနှစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရသည့်အမှု (၆)နှစ်ပြည့်နှစ်ပတ်လည်အဖြစ် အရပ်ဘက်အဖွဲ့များက ကျင်းပခြင်းဖြစ်ပါသည်။