ပူတာအို စစ်ဘေးဒုက္ခသည်များအတွက် နေအိမ်ဆောက်လုပ်နေ
ပူတာအိုမြို့မှ လုံးစွတ်ရပ်ကွက်ရှိ စစ်ဘေးဒုက္ခသည်များနေထိုင်ရန် ပူတာအို-မချမ်းဘော့ သွားလမ်း ဇီဒမ်းကျေးရွာတွင် နေအိမ်များ ဆောက်နေပြီး ပြီးစီးပါက မူလနေရပ်သို့ မပြန်တော့ပဲ ထိုနေရာသို့ ပြောင်းရွှေ့နေထိုင်မည်ဖြစ်ကြောင်း စစ်ရှောင်စခန်းမှ ကော်မတီအဖွဲ့ဝင် ဆရာမ နန်ရမ်က ပြောသည်။
စစ်ရှောင်အိမ်ထောင်စု (၇၆)စုအတွက် နေအိမ်(၇၆) လုံးအား ဂျပန်အစိုးရနီပွန့်ဖောင်းဒေးရှင်းအကူအညီဖြင့် ဆောက်လုပ်နေခြင်းဖြစ်ပြီး အခုအချိန် အိမ်အလုံး ၃၀ကျော် ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်ကြောင်း လည်းဆိုသည်။
“ဘာတွေပြောသေးလဲဆိုတာထက် ကိုယ့်အိမ်ကိုယ့်ဒေသမဟုတ်တဲ့အခါကြတော့ ပြောစရာတော့ ဖြစ်လာတာပေါ့။ ဒါပေမဲ့ ဒီတစ်ခန်းထဲမှာပဲ နှစ်အကြာကြီး နေထိုင်ဖို့လည်း အဆင်မပြေတဲ့အခါကြတော့ ဘယ်လိုပဲဖြစ်ဖြစ်က တစ်ခုက ကိုယ့်အိမ်ကိုယ့်ခြံ သဘောနဲ့ ပြန်သွားနေရမယ်ဆိုတဲ့အခါကြတော့ အဆင်ပြေနေတာတော့ မဟုတ်ပေမဲ့ နည်းနည်းတော့ ဘယ်လိုပြောရမလဲ campမှာ နေတာထက်စာလို့ရှိရင်က အသက်ရှူကတော့ ချောင်တာပေါ့”ဟု ဆရာမနန်ရမ်က ပြောသည်။ ရွာအသစ်တွင် ကလေးများ၏ ပညာရေးအတွက် စိုးရိမ်သည်ဟု မချမ်းဘောမြို့နယ် အစွန်ဆုံးရွာ မပြုံးရွာမှ တိမ်းရှောင်လာသူ ဒေါ်ဝါရမ်ချမ်ကပြောသည်။
“ကျောင်းနဲ့လည်းတအားဝေးတာဟုတ်တယ် အဲ့ကြောင့် ကလေးတွေအတွက်ရော ပညာရေးရော တအား စိုးရိမ်ရတယ်။ အဲ့မှာတော့ ရေလည်း တအားရှားတယ်လို့တော့ ကြားရတယ်။ ဈေးလည်း တအားဝေးတယ် မြို့နဲ့လည်း တအားဝေးတဲ့နေရာဟုတ်တယ်။ အဲ့ဒါကြောင့် လက်တွေ့မရခင်မှာတော့ အခက်အခဲအများကြီးရှိမှာ ပဲလို့တော့ အဲ့လိုတော့ ယူဆတယ်”ဟု ဒေါ်ဝါရမ်ချမ်ကပြောသည်။ လုံးစွတ်ရပ်ကွက်ရှိ စစ်ရှောင်စခန်းမှ စစ်ရှောင်များသည် မချမ်းဘေ့ာနဲ့ ခေါင်လန်ဖူးမှ တိမ်းရှောင်လာသူများ ဖြစ်သည်။
အဆိုပါ လုံးစွပ်ရပ်ကွက်နေ စစ်ဘေးဒုက္ခသည်များသည် မချမ်းဘော့မြို့နယ် အင်ခါးဂါး၊ မပြုံး ကျေးရွာနှင့် အနီးအဝိုက်ရှိ ကျေးရွာများမှ ပြည်သူများဖြစ်သည်။