ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) ရဲ့ ဦးဆောင်ကော်မတီဝင်၊ ရဝမ်ရေးရာဝန်ကြီး ဦးချန်းဆင်ဇီ (ခ) ဦးချန်းဂျော်ရမ် ကွယ်လွန်
–
ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဦးဆောင်ကော်မတီ၀င်၊ ၂၀၂၀ ရွေးကောက်ပွဲမှာ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် အနိုင်ရရှိခဲ့သူ ဦးချန်းဆင်ဇီ (ခ) ဦးချန်းဂျော်ရမ် ဟာ နိုဝင်ဘာ ၂၇ ရက်နေ့ည ၁၀ နာရီ မိနစ်နှစ်ဆယ်အချိန်မှာ ခရစ်တော်၌အိပ်ပျော်သွားကြောင်း သိရပါတယ်။
ဦးချန်းဆင်ဇီ (ခ) ဦးချန်းဂျော်ရမ် ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့သူဖြစ်ပြီး၊ အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီမှာ ပါဝင်ခဲ့သလို Kagabu People’s Force – KPF တပ်ဖွဲ့ရဲ့ ဦးဆောင်ကော်မတီတစ်ဦးအဖြစ်လည်း တော်လှန်ရေးမှာ ဦးဆောင်ပါဝင်နေသူ ဖြစ်ပါတယ်။
KIA နဲ့ ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ယခင် ကချင်ပြည်နယ်အထူးဒေသ (၁) ဒေသ၊ ဆော့လော်မြို့နယ် လန်ဆယ်မြို့သို့ ကွင်းဆင်းတာဝန်ထမ်းဆောင်နေစဉ် နေမကောင်းဖြစ်ပြီး ချီဖွေမြို့အရောက်မှာ ကွယ်လွန်သွားတာဖြစ်တယ်လို့ သိရှိရပါတယ်။
“တိုင်းပြည်တာ၀န်ထမ်းဆောင်ရင်း ခရစ်တော်၌ အိပ်ပျော်သွားပါသဖြင့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ၀မ်းနည်းကြောင်း မိဘပြည်သူများထံ အသိပေးကြေငြာအပ်ပါသည်။”လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Kagabu People’s Force – KPF) က အသိပေးထုတ်ပြန်ထားပါတယ်။
ကျန်ရစ်တဲ့ ရုပ်ကလပ်ကို လိုင်ဇာမြို့မှာ မြေမြုပ်သင်္ဂြိုလ်မယ်လို့ သိရှိရပါတယ်။