စစ်အာဏာရှင်စနစ် ခိုင်မြဲရေးအတွက် ခွဲခြားသတ်မှတ်ခဲ့သော ကချင်အထူးဒေသ (၁) ကို ပယ်ချက်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည်ဟု KIO ထုတ်ပြန်
–
ယခင်စစ်အစိုးရ၏ ကချင်ပြည်နယ်အထူးဒေသ (၁) သတ်မှတ်ချက်ကို KIO ပယ်ဖျက်ကြောင်း ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပါသည်။
“ယခုမှစ၍ ကချင်အထူးဒေသ (၁) ဟူသော သတ်မှတ်ချက် မရှိတော့ပါ။”ဟု ထုတ်ပြန်သည်။
စစ်အစိုးရက ၎င်းတို့၏ အာဏာခိုင်မြဲရေးအတွက် ခွဲခြားသတ်မှတ်အုပ်ချုပ်ခဲ့သောကြောင့် ကချင်လူမျိုးများ၏ စည်းလုံးညီညွတ်မှုကို ထိခိုက်စေခဲ့သည်ဟုလည်း ဆိုပါသည်။
“ကချင်လူမျိုးများ သာမက ကချင်ဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူများ စိတ်ဝမ်းကွဲမှု မရှိဘဲ အတူတကွတန်းတူနေထိုင်ရေးအတွက် ကချင်အထူးဒေသ (၁) ဟု ခွဲခြားသတ်မှတ်ထားသော နယ်မြေများကို တပေါင်းတစည်းတည်းဖြစ်အောင် အရယူခဲ့ရခြင်းဖြစ်ပါသည်။”ဟု ယခင် ကချင် အထူးဒေသ (၁) နယ်မြေနှင့်ဆိုင်သော ထုတ်ပြန်ကြေငြာချက်၌ ပါရှိသည်။
ကချင် အထူးဒေသ (၁) အုပ်ချုပ်မှုအောက်တွင်ရှိခဲ့သော ဌာနေပြည်သူများ၊ ရင်းနှီးမြုပ်နှံသူများအားလုံး စိုးရိမ်စိတ်မထားရှိဘဲ KIO နှင့် ပူးပေါင်းကာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွတည်ဆောက်သွားကြရန် ဖိတ်ခေါ်ထားသည်ကို တွေ့ရပါသည်။