လေကြောင်းတိုက်ခိုက်မှု အရှိန်မြင့်ပြီး လက်နက်စွန့်ရန် ကမ်းလှမ်းခဲ့သည့် စက်တင်ဘာလ၏ လူ့အခွင့်အရေး အခြေအနေ
–
စစ်ကောင်စီက ဩဂုတ်လမှစပြီး တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားသည့် မြို့ရွာများသို့ လေကြောင်းတိုက်ခိုက်မှု စတင်အရှိန်မြင့် ပြုလုပ်ခဲ့၍ စက်တင်လာလတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုနှင့် နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီးမှု များပြားခဲ့သည်ကို တွေ့ရသည်။
စစ်ကောင်စီသည် ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (Myanmar National Democratic Alliance Army – MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (Ta’ang National Liberation Army – TNLA) နှင့် အာရက္ခတပ်တော် (Arakan Army) တို့ကို “အကြမ်းဖက်အုပ်စု”ဟု စက်တင်ဘာလ ၂ ရက်နေ့၌ ထုတ်ပြန်ကြေညာခဲ့သည်။ ထိုသို့ မကြေညာမီ ဩဂုတ်လကတည်းက စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို ရှမ်းပြည်နယ်မြောက်ပိုင်းတွင် သတိထားစရာတစ်ခုအဖြစ် တွေ့ရှိလာရသည်။ “အကြမ်းဖက်အုပ်စု” အဖြစ်ကြေညာပြီးနောက်ပိုင်းတွင် အထူးသဖြင့် လားရှိုးမြို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ကို တွေ့မြင်ရသည်။
ယခုလို လေကြောင်းတိုက်ခိုက်မှုကို အထူးတလေမြင်တွေ့နေရသည့် ကာလတွင် စစ်ကောင်စီ ဥက္ကဌကိုယ်တိုင် ဦးဆောင်သည့် “ရန်နိုင်မင်းစစ်ဆင်ရေး” သတင်းပေါ်ထွက်ပေါ်လာသည်။ ဩဂုတ်လနှင့် စက်တင်ဘာလတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအပေါ် တရုတ်က ဖိအားပေးနေသည့် သတင်းများလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာသည်။ အခြားတစ်ဖက်မှာ စစ်ကောင်စီကလည်း တော်လှန်ရေးအဖွဲ့များကို လက်နက်စွန့်လွှတ်ပြီး နိုင်ငံရေးပြဿနာကို ဖြေရှင်းရန် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း စက်တင်ဘာ ၂၆ ရက်နေ့၌ ကမ်းလှမ်းဖိတ်ခေါ် ခဲ့သလို၊ အောက်တိုလာ ၁ ရက်နေ့မှစပြီး သန်းခေါင်စာရင်းကောက်မည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။
စက်တင်ဘာလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှု အများဆုံးတွေ့ခဲ့ရသော မြို့များမှာ ကချင်ပြည်နယ်တွင် ဖားကန့်မြို့ဖြစ်ပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လားရှိုးနှင့် နမ့်ခမ့်မြို့ ဖြစ်သည်။
ကချင်ပြည်နယ် ဖားကန့်မြို့တွင် စက်တင်ဘာလအတွင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ထိုးစစ်ဆင်တိုက်ခိုက်မှုမျိုး အထူးတလေ မတွေ့ခဲ့ရသော်လည်း ဖားကန့်မြို့တွင်း (Lucky Men Hotel) ၌ KIA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်အပြန်အလှန် ပိတ်ဆို့ရာမှ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။ ယခုလိုဖြစ်စဉ်၌ အရပ်သားများ ပိတ်ဆို့ခံရမှု ရှိခဲ့သည့်အပြင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဖားကန့်ပြည်သူများ နေအိမ်စွန့်ခွာ တိမ်းရှောင်နေကြရသည်။ အဆိုပါ မြို့တွင်းထိတွေ့ တိုက်ပွဲဖြစ်ပွားမှုနှင့် လေယာဉ်ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် ဖားကန့်တွင် အရပ်သားသေဆုံးမှုနှင့် နေအိမ်ထိခိုက်ပျက်စီးမှု အရေအတွက် များပြားခဲ့ရခြင်း ဖြစ်သည်။
စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်း လွတ်မြောက်နယ်မြေဖြစ်သည့် လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့ပြီး၊ နမ့်ခမ်းမြို့၌လည်း ဗုံးကြဲခဲ့ကာ အရပ်သားထိခိုက်သေဆုံးမှုနှင့် နေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့သည်။ လားရှိုးမြို့ကို MNDAA အဖွဲ့က အဓိက ထိန်းချုပ်ထားပြီး၊ နမ့်ခမ်းမြို့သည် PSLF/TNLA ထိန်းချုပ်ထားသည့် မြို့ဖြစ်သည်။
အထက်ပါ အဖြစ်အပျက်များကြောင့် အရပ်သားထိခိုက်သေဆုံးမှုများနှင့် နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီးမှုများကို အောက်ပါအတိုင်းတွေ့ရှိရပါသည်။
✺ သေဆုံးသူ အရေအတွက် (ကချင်ပြည်နယ်)
သေဆုံးခဲ့ရသူ အရပ်သားများနှင့် ၎င်းသေဆုံးခဲ့ရသည့် အကြောင်းရင်းများကို အောက်ပါအတိုင်း တွေ့ရှိရပါသည်။
▪︎ လေကြောင်းတိုက်ခိုက်မှုနှင့် တိုက်ပွဲတွင်း ပစ်ခတ်မှုကြောင့် သေဆုံးသူ – ၃၀ ဦး (ဖားကန့်)
▪︎ တိုက်ပွဲတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးသူ – ၃ ဦး (ဖားကန့်၊ ချီဖွေ – ၁၅ နှစ် မိန်းကလေး)
✺ ထိခိုက်၊ ပျက်စီးမှု အရေးအတွက် (ကချင်ပြည်နယ်)
အရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ထိခိုက်ခဲ့ရသည့် အကြောင်းရင်းများကိုလည်း အောက်ပါအတိုင်း တွေ့ရှိရသည်။
▪︎ တိုက်ပွဲတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ – ၁၃ ဦး (ဖားကန့်)
▪︎ လူသားဒိုင်းအဖြစ် အသုံးချသည်ဟု စွပ်စွဲခံရသည့်ဖြစ်စဉ် – ၁ ခု (ဖားကန့်)
▪︎ လေကြောင်းတိုက်ခိုက်မှုနှင့် တိုက်ပွဲတွင်းပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားသည့် အရပ်သားနေအိမ် – ၅၀၀ (ဖားကန့်)
✺ သေဆုံးသူ အရေအတွက် (ရှမ်းပြည်နယ်မြောက်ပိုင်း)
သေဆုံးခဲ့ရသူ အရပ်သားများနှင့် ၎င်းတို့သေဆုံးခဲ့ရသည့် အကြောင်းရင်းများကို အောက်ပါအတိုင်း တွေ့ရှိရပါသည်။
▪︎ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ – ၁၉ ဦး (လာရှိုး၊ နမ့်ခမ်း – ကိုယ်ဝန်ဆောင်နှင့် ကလေးပါဝင်)
✺ ထိခိုက်၊ ပျက်စီးမှု အရေးအတွက် (ရှမ်းပြည်နယ် မြောက်ပိုင်း)
အရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ၎င်းတို့ထိခိုက်ခဲ့ရသည့် အကြောင်းရင်းများကိုလည်း အောက်ပါအတိုင်း တွေ့ရှိရသည်။
▪︎ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ခံရသူ ၅၀ ဦး (လားရှိုး)
▪︎ လေကြောင်းတိုက်ခိုက်မှုကြောင့် စျေးထိခိုက်ပျက်စီးမှုဖြစ်စဉ် – ၁ ခု (နမ့်ခမ်း)
- လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်ထိခိုက်မှုဖြစ်စဉ် – ၃၃ (လားရှိုး၊ နမ့်ခမ်း)
▪︎ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ – ၃ ဦး (လားရှိုး၊ နမ့်ခမ့်၊ ကွတ်ခိုင်)