ကောလင်းမြို့ ပန်းတင်ရွာတွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးချခဲ့၍ နေအိမ် ၅ လုံးမီးလောင်၊ ထီးချိုင့်တွင်လည်း လေယာဉ်ဖြင့် ဗုံးကြဲခဲ့
26 March 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် ပန်းတင်ရွာကို စစ်ကောင်စီက ယမန်နေ့က မတ်လ ၂၅ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးထံမှ သိရသည်။
စစ်ကောင်စီ၏ ဒရုန်းဗုံးကြဲချမှုကြောင့် ပြည်သူ့နေအိမ် ၅ လုံးခန့် မီးလောင်ပျက်စီးခဲ့ကြောင်း ပြောသည်။
မတ်လ ၂၂ ရက်နေ့တွင် ပန်းတင်ရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်သို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။
မတ် ၂၃ ရက်နေ့တွင်လည်း စစ်ကောင်စီ၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပန်းတင်ရွာမှ အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။
ယမန်နေ့ ည ၈ နာရီ ၂၀ မိနစ်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တံတားဦးမှတက်လာသည့် ဂျက်ဖိုက်တာ (၂) စီးဖြင့် ကောလင်းအရှေ့ဘက်ရှိ ထီးချိုင့်မြို့အနောက်ဘက် မင်းဝံတောင်ရိုးပေါ် တွင် ဗုံး (၃) ကြိမ်ခန့် ကြဲချသွားကြောင်း သိရသည်။