ပြည်သူများကိုခြိမ်းခြောက်ရာရောက်ခြင်းထက် တိုင်းရင်းသားပြည်သူများ၏ မျှော်လင့်ချက်အိမ်မက်ရောင်နီကို ဖျက်ဆီးပေးရာရောက်ပါသည်။
“ပြည်သူများကိုခြိမ်းခြောက်ရာရောက်ခြင်းထက် တိုင်းရင်းသားပြည်သူများ၏ မျှော်လင့်ချက်အိမ်မက်ရောင်နီ”ကို ဖျက်ဆီးပေးရာရောက်ပါသည်။
တိုင်းရင်းသားခေါင်းဆောင်များနှင့် ပြည်သူများသည် စစ်မှန်သောပြည်ထောင်စုကို တည်ဆောက်ရာတွင် စိတ်အားထက်သန်စွာ တက်တက်ကြွကြွကိုယ်စွမ်းဉာဏ်စွမ်းဖြင့် ကြိုးပမ်းခဲ့သူများဖြစ်ကြပါသည်။ တိုင်းရင်းသားများအတူတကွ လွတ်လပ်ရေးရရှိရေးနှင့် ပင်လုံစာချုပ်ချုပ်ဆိုနိုင်ရေးတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ရပ်တည်လုပ်ဆောင်ခဲ့သော ကချင်အမျိုးသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဆမားဒူဝါဆင်ဝါးနောင်သည် ပြည်ထောင်စုသားအချင်းချင်း တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို ယုံကြည်သူဖြစ်ကြောင်း ၎င်း၏အတ္ထုပ္ပတ္တိစာအုပ်များတွင် မှတ်တမ်းတင်ထားခြင်းခံရသူဖြစ်သည်။
တိုင်းရင်းသားပြည်သူများသည် ဖက်ဒရယ်ဒီမိုကရေစီစနစ်တွင် မိမိတို့၏ဘဝငြိမ်းချမ်းသာယာမည်ဟု ယုံကြည်မျှော်လင့်ထားကြပါသည်။ သို့သော် တိုင်းရင်းသားပြည်သူများ၏ဘဝသည် ပြည်တွင်းစစ်ကြားတွင် ခြိမ်းခြောက်မှုဒဏ်အမျိုးမျိုး ကြုံတွေ့ရင်ဆိုင်ခဲ့ရသည်။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် ပြည်သူများကျေနပ်နိုင်သော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ မဟုတ်သေးသော်လည်း “မရှိခြင်းထက် ရှိနေခြင်းက ပိုကောင်းသည်”ဟု အပြုသဘောဆောင်သည့် ချည်းကပ်မှုနှင့် ပြုပြင်ပြင်ဆင်ရေးအမြင်များဖြင့် တင်းပြည့်ကျပ်ပြည့် လျှောက်လမ်းနိုင်သော ဒီမိုကရေစီလမ်းကြောင်း မဟုတ်သော်လည်း၊ လမ်းခရီးပေါ်တွင် စတင်လျှောက်လှမ်းနေကြခြင်းဖြစ်သည်။
သို့ဖြစ်၍ ၂၀၀၈ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ နိုင်ငံ၏ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်တွင် ၂၀၁၀ရွေးကောက်ပွဲ၊ ၂၀၁၅ရွေးကောက်ပွဲ၊ ၂၀၂၀ရွေးကောက်ပွဲများနှင့်အတူ နောင်လာမည့်ရွေးကောက်ပွဲများသည် အရေးကြီးသည့် နိုင်ငံ၏ဒီမိုကရေစီမှတ်တိုင်များဖြစ်ပါသည်။ ထို့အပြင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကူးစက်နိုင်ခြင်း၏ ခြိမ်းခြောက်မှုကြားက ပြည်သူများသည် ဒီမိုကရေစီမျှော်လင့်ခြင်းအိမ်မက်များဖြင့် ၂၀၂၀ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခဲ့ကြပါသည်။
ထို့အတွက်ကြောင့် ယနေ့ဖြစ်ပေါ်ကြားသိနေရသော နိုင်ငံရေးအခြေအနေများသည် “ပြည်သူများကိုခြိမ်းခြောက်ရာရောက်ခြင်းထက် တိုင်းရင်းသားပြည်သူများ၏ မျှော်လင့်ချက်အိမ်မက်ရောင်နီ”ကို ဖျက်ဆီးပေးရာရောက်ပါသည်။ သို့ဖြစ်ပါ၍ လက်ရှိနိုင်ငံကိုဦးဆောင်နေကြသော ခေါင်းဆောင်များသည် တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာကြခြင်းသာ ပြည်သူများ၏ မျှော်လင့်ချက်အိမ်မက်ရောင်နီ”ကို ရှင်သန်ခွင့်ရစေမည် ဖြစ်ပါသည်။