အလှည့်ကျခံကြစတမ်းလော
ခဆန်လွင်
ဆယ်စုနှစ်နှင့်ချီသော ပြည်တွင်းစစ်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များသည် နိုင်ငံရေး၊ စစ်ရေးရည်ရွယ်ချက်များဖြင့် မဟာမိတ်ဖွဲ့စည်းမှုများ အကြိမ်ကြိမ်ဖွဲ့စည်းခဲ့ကြသည်။ သို့သော် ထိုသို့ဖွဲ့စည်းနိုင်ခြင်းသည် ၎င်းတို့၏ဘုံရန်သူနှင့် တိုက်ပွဲဆင်နွဲနိုင်ရေးအတွက် ညီညွတ်ပြီး ထိရောက်အောင်မြင်သည့် မဟာမိတ်အဖွဲ့များ ဖြစ်ကြောင်း သက်သေထူနိုင်ခဲ့သလော။
“NDF အလံတလူလူ၊ (ဦး)နေဝင်းနှင့် (ဦး)စန်ယုက ရှက်ရမ်းရမ်း (… NDF dawng hkawn gaw rawt she rawt, Ne Win, San Yu kaya pawt pawt…)”ဤစာသားပါသည့် ကချင်တေးသီချင်းတစ်ပုဒ်သည် တစ်ချိန်က KIO၏ နိုင်ငံရေးဝါဒ စည်းရုံးဖြန့်ချီဖြေဖျော်ရေးအဖွဲ့၏ ဖြေဖျော်မှုအစီအစဉ်များတွင် မပါမဖြစ်ပါရသည့် သီချင်းတစ်ပုဒ်ဖြစ်ခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ တစ်ဆယ်ကျော်ပါဝင်ပြီး KNU ဌာနချုပ် မာနယ်ပလော၌ ၁၉၇၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော National Democratic Front (အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု-မဒတ)အဖွဲ့တွင် KIO လည်း ပါဝင်ခဲ့သည်။
သို့သော် ကေအိုင်အိုဥက္ကဌ မရန်ဘရန်ဆိုင်း ကွယ်လွန်ပြီး၊ (၁၉၉၄ ခုနှစ်) နဝတအစိုးရနှင့် အပစ်အခတ်ရပ်ဆိုင်းရေး ပြုလုပ်ခဲ့သည့်နောက်ပိုင်းတွင် NDF တပ်ပေါင်းစု၌ တက်ကြွပါဝင်ခြင်း မရှိတော့ပေ။ ထို့အပြင် အခြားလက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများလည်း တပ်မတော်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသည့်ကာလ ၁၉၉၅ ခုနှစ်တွင် NDF တပ်ပေါင်းစု စတင်ဖွဲ့စည်းခဲ့သည့် KNU ဗဟိုဌာနချုပ် မာနယ်ပလောလည်း တပ်မတော်၏ထိုးစစ်ကြောင့် ကျရှုံးခဲ့ရသည်။ ထိုကာလများတွင် KNU သည် တပ်မတော်နှင့် စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်နေရသည့် အဓိကတိုင်းရင်းသားအဖွဲ့ဖြစ်နေသည်။ တပ်မတော်အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအဆိုကို ကေအိုင်အို ပယ်ချခဲ့သည့်နောက်ပိုင်းတွင် စစ်ရေးအရှိန်အဟုန်မြှားဦးသည် မြောက်ပိုင်းအခြမ်းသို့ ပြန်လှည့်လာခဲ့သည်။
ကေအိုင်အိုသည် တပ်မတော်နှင့်တိုက်ပွဲများဆင်နွဲနေရသော်လည်း တစ်ဘက်တွင် အခြားတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ တစ်ဆယ်ကျော်ပါဝင်သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၏ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုသို့ နိုင်ငံ၏မြောက်ပိုင်းတွင် စစ်ရေး ပြင်းပြင်းထန်ထန် ဖြစ်ခဲ့သည့်ကာလတွင် တောင်ပိုင်းဘက်ခြမ်း တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများတွင် စစ်ရေးအရှိန်ကျနေခဲ့သည်။ ထို့အပြင် UNFC အဖွဲ့ထဲမှ အင်းအားရှိသည့်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် KNU သည် ၂၀၁၄ ခုနှစ်တွင် အဖွဲ့မှနုတ်ထွက်ခဲ့သည်။ ထို့နောက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅တွင် လက်မှတ်ထိုးခဲ့သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ကို UNFC ၏ အချို့အဖွဲ့ဝင်များက လက်မှတ်ထိုးခဲ့ပြီး အချို့အဖွဲ့ဝင်များက လက်မှတ်မရေးထိုးဘဲ နေခဲ့ကြသည်။ ဥက္ကဌတာဝန်ယူခဲ့သော ကေအိုင်အိုလည်း ၂၀၁၇ခုနှစ်တွင် နုတ်ထွက်ခဲ့ရာ UNFC ၏ ဂုဏ်သတင်းလည်း မှေးမှိန်လာခဲ့သည်။
၂၀၁၇ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲမှ အင်းအားအတောင့်တင်းဆုံးဟု ထင်မှတ်ခံရသည့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ဦးဆောင်သော ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)၌ ကေအိုင်အို ပါဝင်လာသည်။ FPNCC အဖွဲ့ဝင်များသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်မထိုးထားသော အဖွဲ့များဖြစ်ကြသည်။ ထို့အပြင် ၎င်း FPNCC အဖွဲ့ဝင်များဖြစ်ကြသည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင်တပ်မတော် (AA)တို့သည် မြောက်ပိုင်းမဟာမိတ်အဖွဲ့အဖြစ် နောက်ထပ်စုဖွဲ့မှု ပြုလုပ်ထားကြသည်။
သို့သော်လည်း မြန်မာနိုင်ငံ၏ပြည်တွင်းစစ်သမိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ အချင်းချင်း တိုက်ပွဲဖြစ်ခဲ့ရသည့်အပြင် တစ်ဖွဲ့ဖွဲ့က ရန်သူနှင့်အလူးအလဲတိုက်ပွဲဆင်နွဲနေရသည့်အချိန် မဟာမိတ်အချင်းချင်း ထိရောက်သည့် ကူညီထောက်ပံ့မှု မတွေ့ခဲ့ရပေ။ အခြားတစ်ဘက်မှလည်း တိုင်းရင်းသားလက်နက်ကိုင်တစ်ဖွဲ့ထက်ပို၍ စစ်မျက်နှာဖွင့် ထိုးစစ်ဆင်သည့် အဖြစ်အပျက်များ မည်ကာမတ္တပြင် သိပ်မရှိခဲ့ပါ။
လက်ရှိအချိန်တွင်လည်း နိုင်ငံ၏အနောက်ဘက်ခြမ်း၌ စစ်မီးပြင်းထန်နေချိန်တွင် ကျန်ဒေသများတွင် စစ်ရှိန်ကျနေသည်။
ထိုသို့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ စစ်ရေးနှင့်နိုင်ငံရေး မဟာဗှူဟာ ညီညွတ်မှုမရှိခြင်းကို အားမလိုအားမရ စိတ်ပျက်မိသည့်သဘောမျိုးဖြင့်၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၏ ဒုနိုင်ငံခြားရေးတာဝန်ခံဟောင်း ဗိုလ်မှူးကြီး James Lum Dau သည် ၎င်း၏ ကိုယ်တိုင်ရေးအတ္ထုပတ္တိ၌ ရေးသားထားသည်။
“တော်လှန်ရေးအဖွဲ့များသည် ရန်သူကတခြား ညီနောင်တစ်ဖွဲ့ဖွဲ့ကို တိုက်ခိုက်နေချိန် တစ်ဘက်သို့စစ်မျက်နှာဖွင့် ပြန်လည်တိုက်ခိုက်ရမည့်အစား တိုက်ပွဲကို ပွဲကြည့်ပရိသတ်လို ဝိုင်းကြည့်နေတတ်သည်”ဟု ကချင်ဘာသာဖြင့် ရေးသားထားသည့် ၎င်း၏အတ္ထုပတ္တိစာအုပ်၌ ဖော်ပြထားသည်။
ထို့ကြောင့် ယခုနောက်ပိုင်းတွင် လေ့လာသူများအပြင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးခေါင်းဆောင်အချို့ပင်လျှင် တစ်ဖွဲ့ချင်း၏ အမျိုးသားရေးရည်ရွယ်ချက်များ၊ အကျိုးစီးပွားများ မတူကြသည့် သဘောမျိုးဖြင့် သုံးသပ်ပြောဆိုမှုများလည်း ထင်သာမြင်သာ ဖြစ်လာသည်။
ချုပ်ပြောရလျှင် တိုင်းရင်းသား လက်နက်ကိုင်း တော်လှန်ရေးအဖွဲ့များ၏ မဟာမိတ်အဖွဲ့ စုဖွဲ့မှုသည် အခိုက်အတန့်အားဖြင့်သာ အားကောင်းမှုရှိခဲ့ပြီး၊ ရန်သူကို အင်အားချိနဲ့သွားစေနိုင်သော အခြေအနေမျိုး အမှန်တကယ် မရောက်ရှိစေခဲ့သည့်အပြင်၊ တစ်ဖွဲ့တစ်လှည့်ခံကြရသည့် သဘောပြင်ဆောင်နေသည်။
လက်ရှိတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ပြည်သူများစိုးရိမ်သောက ဖြစ်နေရသည့်အချိန်တွင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ဘက်မှ စစ်ဘေးဒုက္ခသည်ပြည်သူများ တစ်သိန်းကျော်သွားသည့်သတင်းသည် ပြည်သူများအတွက် ဗူးလေးရာဖယုံဆင့် ဖြစ်နေရသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပြည်သူရွေးကောက်သည့် ခေါင်းဆောင်များ၏ ဦးဆောင်နိုင်မှုပါဝါ အားနည်းနေတရွေ့ ပြည်သူများငြိမ်းချမ်းရေးနှင့် ဝေးနေဦးမည်ထင်ပါသည်။
ဓါပုံသည် kachinlandnews.com မှ ယူသုံးထားပါသည်။