မုဆိုးထောင်ချောက်နှင်းမိသူများ
အင်လွန်း
လွန်ခဲ့သည့် ၂နှစ်ကျော်က ပို့စ်တစ်ခုသည် အငြင်းပွားဖွယ်ရာ Covid-19 ပညာပေး နံရံပန်းချီကားတစ်ခုအတွက် မီးလောင်ရာလေပင့် ဖြစ်လာလိမ့်မည်ဟု မည်သူကမှ တွေးထင်ထားမည် မဟုတ်ပါ။ ကမ္ဘာအနှံ့ကလူသားများ အသက်ရှူတိုင်း စိုးရိမ်နေရသည့်အချိန်တွင် အချို့လူများသည် အခွင့်ကောင်းယူကာ ကိန်းဂဏန်းအမှား၊ ပုံအမှား၊ ပုံနှင့်စာအလွဲအမှား၊ ဆေးအမှား၊ ကြံကြံဖန်ဖန်ဆေးမီးတိုအလွဲများ စသည့်သတင်းမှား သတင်းတုများကို ပုံစံအမျိုးမျိုးဖြင့် online လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ဖြန့်ဝေနေကြသည်။ အချို့သည် ရိုးရိုးသားသား တင်မိ၊ ရှဲ(share) မိသည်မှာလည်း ဖြစ်နိုင်ပါသည်။ အချို့သောသူများသည် အလွဲအမှားဖြစ်သည်ကို သိလျှက်နှင့် ရည်ရွယ်ချက်ရှိရှိ ဖန်တီးပြီး တင်ကြ၊ ရှဲနေကြသည်မှာလည်း ဖြစ်နိုင်ပါသည်။
သတင်းမှားသတင်းတုများသည် အကြောင်းအရာ (သို့) အခြေအနေ တစ်ခုခုကြောင့် လူအများ၏ စိတ်လှုပ်ရှားမှုကို နှိုးဆွပေးရန် ပိုမိုလွယ်ကူနေသည့်အချိန်အခါ၊ ထိလွယ်ရှလွယ်ဖြစ်နေသည့် အချိန်အခါမျိုးတွင် ပုံစံအမျိုးမျိုးဖြင့် ပိုမိုပေါ်လာတတ်ပါသည်။
ဥပမာ၊ ၂၀၁၉ ဇွန်လ ၂၀ကျော်တွင် H1N1 နှင့်ပတ်သက်၍ အများပြည်သူ စိုးရိမ်မှုဖြစ်နေချိန်တွင် သာမန်ဖေ့(စ)ဘွတ် အကောင့်တစ်ခုမှ “မြစ်ကြီးနားဆေးရုံကြီးတွင် H1N1 လူနာရောက်နေပြီတဲ့”ဟု ပို့စ်တစ်ခုတင်လိုက်သည်။ ပို့စ်တင်ပြီးတစ်နာရီခန့်အချိန်တွင်းမှာပြင် လူပေါင်း ၂၃၀အထိ ရှဲလုပ်ခဲ့ကြသည်။ ယင်းပို့စ်သည် သတင်းမှားသာဖြစ်ကြောင်း မြစ်ကြီးနားဆေးရုံကြီးမှ သမားတော်ဒေါက်တာနေဝင်းက ၎င်း၏အကောင့်တွင် ပြန်လည်ရှင်းပြသည့် ပို့စ်တင်ခဲ့ရသည်။ သို့သော် ဒေါက်တာနေဝင်း၏ပို့စ်ကို ၁၀၆ဦးသာရှဲခဲ့ပြီး၊ သတင်းမှားပို့စ် တစ်နာရီအတွင်း ရလိုက်သည့် ရှဲအရေအတွက်၏ တစ်ဝက်နီပါးသာရှိနေသည်ကို နှိုင်းယှဉ်တွေ့ရှိရသည်။
အလားတူပဲ Covid-19 နှင့်ပတ်သက်၍ မြန်မာပြည်သူများကြား စိုရိမ်မှုရေချိန်စပြီးမြင့်တက်လာနေသည့် မတ်လ ၂၀ကျော်တွင် ၃၃ဦး၌ Covid-19 ပိုးတွေ့ရှိဟု ပြောဆိုထားသည့် အသံဖိုင်တစ်ခု တော်တော်ပြန့်နှံ့ခဲ့သေးသည်။ ၎င်းအသံဖိုင်သည် သတင်းမှားဖြစ်ကြောင်း သမ္မတရုံးပြောရဲဆိုခွင့်ရှိ ဦးဇော်ဌေးမှ ၎င်း၏ facebook စာမျက်နှာတွင် ရှင်းပြခဲ့ရပြီး၊ အသံဖိုင်ပိုင်ရှင်ကိုလည်း အရေးယူရန်စုံစမ်းနေသည်ဟု ရေးထားသည်။ သို့သော်လည်း ယနေ့အချိန်ထိ အသံဖိုင်ပိုင်ရှင်ကို စုံစမ်းအရေးယူနိုင်မှုနှင့်ပတ်သက်ပြီး ဘာသတင်းမှ မကြားရသေးပါ။ အလားတူမြစ်ကြီးနား မြစ်ဆုံဟိုတယ်ကလည်း အသံဖိုင်နှင့်ပတ်သက်၍ ရှင်းလင်းချက် ထုတ်ပြန်ရသည်အထိ ဖြစ်ခဲ့သည်။
နည်းပညာတိုးတက်ပြီး ဆက်သွယ်ရေးစနစ် ကောင်းမွန်လာသည့် ယနေ့လိုခေတ်တွင် သတင်းဦးသတင်းထူး ဦးဦးဖြားဖြား၊ တင်လို၊ ရှဲလိုသည့်သူများသည် သတင်းထောက်သတင်းသမားများသာ မဟုတ်တော့ပေ။ သတင်းဦးသတင်းထူးများကို တရားဝင်လုပ်ကိုင်နေသော သတင်းဌာများထံမှပဲ သိနိုင်မည်၊ ရနိုင်မည်ဟု ယုံကြည်ကြသည့် ခေတ်လည်း မဟုတ်တော့ပေ။ ဖေ့(စ)ဘွတ် (Facebook)သုံးစွဲသူအများသည်လည်း ဦးဦးဖြားဖြား တင်လို၊ ရှဲလိုကြသည်မှာ အမှန်ဖြစ်ပါသည်။ ထို့အပြင် ဖေ့(စ)ဘွတ် သုံးစွဲသူအများအပြားသည် facebook စာမျက်နှာကို group, account, page စသဖြင့် ခွဲခြားနားလည်ပြီး သုံးစွဲတတ်သူများ မဟုတ်ကြပါ။ ကျွန်နော်တို့ နိုင်ငံကပြည်သူများလည်း ဒစ်ဂျစ်တယ် ‘အ’သုံးလုံး(ဖုန်း၊ ကွန်ပျူတာများကို အသုံးပြုပြီး အင်တာနက် စာမျက်နှာများမှ မိမိသိလိုသော သတင်းအချက်အလက်များကို ရှာဖွေလေ့လာတတ်ခြင်း၊ ဆက်သွယ်အသုံးပြုနိုင်ခြင်း) တတ်မြောက်မှုနှင့် မီဒီယာအခြေခံတတ်မြောက်မှု (media literacy) ချို့တဲ့နေသေးသည့် အခြေအနေဖြစ်ပါသည်။ အကျိုးဆက်အနေဖြင့် မသမာသူ online မုဆိုးများအတွက် ရေခံမြေခံကောင်းဖြစ်နေပြီး၊ ဖေ့(စ)ဘွတ် သုံးစွဲသူအများအပြားလည်း ၎င်းမုဆိုးများခင်းထားသည့် လမ်းကြောင်းထဲစီးမျောမိပြီး အကုသိုလ်ပွားနေကြသူများ အများအပြားဖြစ်ပါသည်။
နှစ်ပေါင်းများစွာ သတင်းလွတ်လပ်ခွင့်မရှိပဲ၊ ဆင်ဆာအဖွဲ့မှ ထုတ်ဝေခွင့်ပြုသမျှသာ ဖတ်ခွင့်သိခွင့်ရှိခဲ့သောဘဝနှင့် မြန်မာပြည်သူများ ဖြတ်သန်းခဲ့ရသည်။ မြန်မာနိုင်ငံက ကောလဟာလ မှန်တတ်သည်ဆိုသော စကားသည် သတင်းမီဒီယာလောက၌ပင် ပြောစမှတ်ဖြစ်ခဲ့သည်။ ယင်းကဲ့သို့သော ယူဆမှုသည် ယနေ့ချိန်ခါအထိ ပြည်သူများအပေါ် လွှမ်းမိုးနေဆဲလော။ ဖေ့(စ)ဘွတ်သုံးစွဲသူများ၏ သတင်းမှားသတင်းတု ကောလဟာလသတင်းများအပေါ် ပြန်လည်တုံ့ပြန်နေမှုများကိုကြည့်လျှင် မေးခွန်းထုတ်စရာ ဖြစ်နေသည်။ ကျောင်းသားများ ကိုယ်တိုင်စူးစမ်းလေ့လာ ဆန်းစစ်သုံးသပ်နိုင်ခြင်းကို အားမပေးခဲ့သည့် ပညာရေးစနစ်၏ အကျိုးဆက်ကြောင့်လည်း တစုံတရာဖြစ်နိုင်ပါသည်။
နည်းပညာတိုးတက်လာနေသည့် ခေတ်အခြေအနေအရ ဟုတ်သည့်ကိစ္စ၊ မဟုတ်သည့်ကိစ္စ စသည့်ဖြင့် အကြောင်းအရာမျိုးစုံကို မိနစ်ပိုင်း၊ နာရီပိုင်းအတွင်း လူပေါင်းသောင်းသိန်းထံရောက်သွားနိုင်ပါသည်။ ထိုသို့အလျင်အမြန် ပြန့်နှံ့လွယ်ခြင်းသည် သတင်းမီဒီယာသမားများအတွက် အကျိုးလည်းရှိသလို၊ ကြီးမားသည့် စိန်ခေါ်မှုလည်း ဖြစ်နေပါသည်။ တခါတရံ သတင်းတစ်ပုဒ်ကို သတင်းမီဒီယာကျင့်ဝတ်အတိုင်း သတင်းကို စုံစမ်းစိစစ်နေသည့်အချိန်၊ ယင်းသတင်းသည် ဖေ့(စ)ဘွတ်ပေါ်တွင် ရှဲသူ၊ like လုပ်သူ၊ comment ရေးနေသူ ထောင်သောင်းကြားတွင် ပြန့်နေပြီးသားဖြစ်နေတတ်သည်။ သတင်းသည် အမှန်ဖြစ်နေလျှင် သိပ်ကိစ္စမဟုတ်သော်လည်း အကယ်၍ သတင်းမှားဖြစ်ခဲ့လျှင် ယင်းသတင်းကို ဖေ့(စ)ဘွတ် စာမျက်နှာပေါ်က အကုန်ဖယ်ရှားပစ်ရန် မဖြစ်နိုင်သည်မှာ မဟုတ်သော်လည်း မလွယ်သည့် ကိစ္စဖြစ်နေပါသည်။ ထို့အပြင် ဖေ့(စ)ဘွတ်သုံးစွဲသူများသည် သတင်းမှားဖြစ်ကြောင်း ပြန်စိစစ်တင်ပြလိုက်သည့် ပို့စ်တစ်ခုအား ပြန်တုံ့ပြန်ရာတွင် သတင်းမှားကို share ခဲ့၊ like ခဲ့၊ comment ခဲ့သလိုမျိုးပြန်လည် တုံ့ပြန်ကြသည် မဟုတ်ပါ။ ထို့ကြောင့် facebook ပေါ်တွင် အမှားတစ်ခုလုပ်မိလျှင် ၎င်းအမှားကို ပြန်ချေဖျက်ရန်မှာ လုံးဝမလွယ်သည့် ကိစ္စဖြစ်နေပါသည်။ အမှားသံသယာလည်း လည်တတ်ပြီး ယင်းအမှားသံသယာသည် ကိုယ်တစ်ဦးတစ်ယောက်အပေါ်၌သာ ပြန်လည်တတ်သည့် အမှားသံသယာမျိုး မဟုတ်ပဲ၊ မမျှော်လင့်ပဲ အခြားသူများအပေါ်၌ သက်ရောက်လာတတ်သည်ကို ယခုရက်ပိုင်းအတွင်း အငြင်းပွားနေကြသော နံရံပန်းချီကိစ္စက သက်သေပြနေပါတယ်။
အကောင့်တစ်ခုသည် လူငယ်နှစ်ဦး ဗုဒ္ဓဘုရားဆင်တုတော်ပုံနှင့် မဖွယ်မရာတွဲရိုက်ထားသည့်ပုံကို အသုံးပြုပြီး မြစ်ကြီးနားမြို့ ဘူတာနားတွင် Covid-19 ပညာပေးနံရံပန်းချီရေးဆွဲသည့်အဖွဲ့က လူဖြစ်သည်ဟူသောစာဖြင့် ဓါတ်ပုံနှင့်တွဲတင်ထားသည့် အလွဲအမှားပို့စ်တစ်ခုကို တွေ့လိုက်သည်။ ၎င်းပုံကိုကူးယူပြီး သာမှန်လူအားလုံအသုံးပြုနိုင်သည့် Reverse image ကို အသုံးပြုပြီး google တွင်ရှာကြည့်သည်။ ထိုအခါ ၎င်းပို့စ်သည် ၂၀၁၇ ဒီဇင်ဘာလ ၃၀ရက်နေ့တွင် facebook page တစ်ခု၌ တင်ခဲ့သော ပို့စ်ပေါ်ကပုံတစ်ပုံဖြစ်နေသည်။ ၎င်းပို့စ်သည် ဘုရားဆင်တုတော်ပုံကို မဖွယ်မရာပြုဓါတ်ပုံရိုက်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ် တင်ခဲ့သည့်လူငယ်နှစ်ဦးကို ဥပဒေအရအရေးယူကြောင်း တင်ထားသည့် ပို့စ်ဖြစ်ပါသည်။ ယင်းပုံကို အပြင်တွင် နီးစပ်ရာသူငယ်ချင်းများကို ပြပြီးစုံစမ်းကြည့်သည့်အခါ အရေးယူခြင်းခံခဲ့ပြီးသည့် လူငယ်နှစ်ဦးကိုလည်း စုံစမ်းတွေ့ရှိခဲ့သည်။ ထို့အပြင် နံရံပန်းချီရေးဆွဲခဲ့သည့်အဖွဲ့မှ စွပ်စွဲခံရသူကိုလည်း ဆက်သွယ်မေးမြန်းကြည့်ရာ ဖေ့(စ)ဘွတ်ပေါ်တွင် ပြန့်နေသည့်ပုံထဲကလူသည် သူမဟုတ်ကြောင်း အတည်ပြုပြောဆိုပါသည်။ ထူးရှားချက်တစ်ခုမှာ ၂၀၁၇ တွင်တင်ခဲ့သော ပို့စ်အဟောင်းသည် ရှဲ(၃)ခုသာရပြီး၊ လောလောလတ်လတ် ဧပြီလ ၄ရက်နေ့တွင် တင်လိုက်သော အလွဲအမှားပို့စ်သည် တစ်ရက်အတွင်း ရှဲရှစ်ရာကျော်ရလိုက်သလို မှတ်ချက်များလည်း အများအပြား ဝင်ရောက်ရေးသားနေကြသည်ကို တွေ့နေရပါသည်။
လူတော်တော်များများသည် သတင်းမီဒီယာများကို ဖွသူများအဖြစ် စွပ်စွဲလိုကြသော်လည်း ဖွရန်အတွက် အလွဲအမှားများကို သိသိကြီးနှင့် အသုံးချဖြန့်ဝေနေကြသည်မှာ မည်သည့်လူများဖြစ်နိုင်သလဲ။ စာဖတ်သူကိုယ်တိုင် ဆန်းစစ်ကြည့်ပါ။ မိမိကိုယ်မိမိလည်း ပြန်ဆန်းစစ်ကြည့်ပါ။ မိမိသည် မည်သည့်သတင်းမျိုးကို like လုပ်သလဲ။ မည်သည့်သတင်းများကို ရှဲလုပ်သလဲ။ မည်သည့်သတင်းတွင်မှာ comment ကို မည်သည့်အရေးအသားများဖြင့် ဝင်ရေးသလဲ။ မိမိကိုယ်မိမိ ဆန်းစစ်ကြည့်ရန် ဖြစ်ပါသည်။ သတင်းမီဒီယာသမားများလည်း ကျင့်ဝတ်ပိုင်းအားနည်းပြီး မှားယွင်းခြင်း၊ တခါတရံဖြစ်လာနိုင်သည့် ဆိုးကျိုးသက်ရောက်မှုများကို တွက်ဆနိုင်မှုအားနည်းသွားခြင်းများကြောင့် မလိုလားအပ်သည့် အကျိုးသက်ရောက်မှုများ ရှိလာတတ်ပါသည်။ သတင်းမီဒီယာတိုက်များမှ မှားလျှင် ကိုယ့်သတင်းအတွက် တာဝန်ယူတာဝန်ခံမှု ရှိရသော်လည်း၊ မည်သူမည်ဝါ သုံးစွဲနေမှန်းမသိသော ဖေ့(စ)ဘွတ် page တစ်ခု အကောင့်တစ်ခုမှ မှားခဲ့လျှင် စုံစမ်းဖော်ထုတ်နိုင်ရန်၊ အလျင်အမြန် အရေးယူပြုပြင်နိုင်ရန် ခက်ခဲနေပါသည်။
သတင်းမီဒီယာသမားများအတွက် ကျင့်ဝတ်လိုက်နာရသလို ဖေ့(စ)ဘွတ် သုံးစွဲသူများ လိုက်နာရန်ကျင့်ဝတ်လည်း facebook ကမ္ပဏီမှ ဖော်ပြထားပြီးသားဖြစ်ပါသည်။ သို့သော် ၎င်း community standards ကို ဘာသာစကား အခက်အခဲကြောင့် သုံးစွဲသူတိုင်းက ဖတ်ရှုနားလည်နိုင်မည် မဟုတ်သော်လည်း အခြေခံအားဖြင့် လူတိုင်းသည် မိမိလူ့ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးကို လေးစားကာကွယ်သလို၊ အခြားသူများ၏ လူ့ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးများကို လေးစားကာကွယ်ပေးတတ်သည့် ကျင့်ဝတ်များအတိုင်း ပြုမူကြမည်ဆိုလျှင် ဖေ့(စ)ဘွတ်ပေါ်မှ ပဋိပက္ခအားပေး အမုန်းစကားများနှင့် သတင်းတုသတင်းမှားများလည်း လျော့ပါးသွားမည်ဟု ထင်မြင်မိပါသည်။ ဖေ့(စ)ဘွတ်သုံးစွဲသူတိုင်းလည်း ဒီဂျစ်တယ် ‘အ’သုံးလုံးတတ်မြောက်ခြင်းနှင့် မီဒီယာအခြေခံတတ်မြောက်ခြင်း အလျင်ရှိကြပါစေ။